DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် အကူအညီ လိုအပ်နေ
DVB
·
August 17, 2022
ရခိုင်စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် အကူအညီ လိုအပ်နေ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်ကားလမ်းရှိ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးမှာ သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေ​တယ်လို့ စေတီပြင် ပရဟိတအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မနေ့ ကျနော်တို့ရထားတဲ့ စာရင်းအရဆိုရင် စစ်ဘေးရှောင် လူဦးရေ ၃၀၀ ကျော်ရှိတယ်။ ဒီနေ့ ကယ်ဆယ်ရေး သွားပေးတဲ့ အချိန်မှာတော့ နောက်ထပ်ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေ ၁၀၀ ကျော်လောက် ထပ်ရောက်နေကြတာ တွေ့ရတယ်။ တောထဲမှာလည်း ကျန်နေတဲ့ ၁၀၀ ကျော် ရှိတယ်လို့ သိရတယ်။ ဒါဆို လူဦးရေ ၅၀၀ ကျော်သွားမယ်။ စာရင်းတွေတော့ အတိအကျ မပြုစုရသေးဘူး။ ရေရှည်မှာ အခက်အခဲတွေ၊ စားနပ်ရိက္ခာတွေ အခက်အခဲများစွာ ကြုံတွေ့လာနိုင်တယ်။ ဒါတွေအတွက် ရခိုင်လူမှုအဖွဲ့အစည်းတွေအနေနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးကြဖို့ အားလုံးကို ကျနော်တို့ တောင်းဆိုလိုပါတယ်။”

ချိန်ခါလီကျေးရွာအနီးမှာ သြဂုတ် ၁၃ ရက်က တိုက်ပွဲတွေ ပြင်းထန်စွာ​ဖြစ်ပွားခဲ့ပြီး စစ်ကူလာတဲ့ စစ်ကောင်စီကားပါ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်တပ်က ကားလမ်းတွေကို ပိတ်ဆို့ကာ စစ်အင်အား ဖြည့်တင်းပြီး စစ်ဆင်ရေးပြုလုပ်နေပါတယ်။

အဆိုပါစစ်ဆင်ရေးကြောင့် ချိန်ခါလီ၊ ဒုံးပိုက်၊ ကိုးတန်ကောက်၊ အောင်ဗလ၊ ကုန်တန်း စတဲ့​ကျေးရွာတွေက ဒေသခံတွေ မေယုတောင်ကို ကျော်ဖြတ်ပြီး မယူကမ်း အရှေ့ဘက်ကျေးရွာတွေကို ထွက်ပြေးနေကြရတာပါ။

စေတီပြင်ပရဟိတအဖွဲ့အနေနဲ့ လက်ရှိမှာ အလှူရှင်တွေ လှူဒါန်းတဲ့ စားနပ်ရိက္ခာတချို့ကို လှူဒါန်းပေးနေပြီး စစ်ဘေးရှောင်တွေ များလာနေတဲ့အတွက် ရေရှည်မှာ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လက်ရှိ အလှူရှင်တွေ လှူဒါန်းထားတဲ့ အခင်းဖျာတွေ၊ အဝတ်အထည်တွေ၊ စားနပ်ရိက္ခာတွေကို လှူဒါန်းပေးနေတယ်။ ရေရှည်မှာ ဒုက္ခသည်တွေအတွက် အခက်အခဲများစွာ ကြုံလာနိုင်တယ်။”

လက်ရှိ စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ကျော်ဟာ သံ​ချောင်၊ သရက်​ချောင်း​၊ ​အောင်ဆိပ် စတဲ့ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး နေရာမလုံလောက်တာ၊ စားနပ်ရိက္ခာ မလုံလောက်တာကြောင့် စေတီပြင်ကျေးရွာကို ကားတွေနဲ့ ထွက်သွားနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013