
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေကျောင်းစစ်ဘေးရှောင်စခန်းနေ ကျောင်းသား ကျောင်းသူတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါတယ်။
“ကျောင်းဖွင့်ရာသီဆိုတော့ ကျောင်းသား ကျောင်းသူတွေအတွက်အကူအညီတွေ လိုအပ်နေတာပေါ့။ စာအုပ်စာတမ်း၊ အဝတ်အစား၊ အသုံးအဆောင်ကအစပေါ့” လို့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းဆရာတော် ဦးဝံသက မိန့်ကြားပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ သူငယ်တန်းကနေ ဒသမတန်းအထိ ကျောင်းသူကျောင်းသား စုစုပေါင်း ၁၅၂ ဦး ရှိနေပါတယ်။
စစ်ဘေးရှောင် ကျောင်းသားမိဘတဦး “စစ်ဘေးရှောင်စခန်းမှာ နေတာဆိုတော့ အလုပ်အကိုင်လည်းမရှိဘူး။ ဝင်ငွေလည်းမရှိတော့ သားသမီးတွေအတွက် လိုအပ်တဲ့ အဝတ်အစား၊ ထီး စာအုပ်ကအစ ဘာမှ ဝယ်မပေးနိုင်ပါဘူး” လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း ၄ စုရှိပြီး ရန်အောင်မြေကျောင်း စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၆၇ စု၊ လူဦးရေ ၆၀၅ ဦး စစ်ဘေးရှောင် ခိုလှုံနေကြတယ်လို့ သိရပါတယ်။
Photo - Kaung Mrat Naing / MPA











