DVB Logo
Home
မြန်မာသတင်း
ကရင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်မည်ဟု ကရင်အာဇာနည်နေ့သို့ NUG သဝဏ်လွှာပေးပို့
DVB
·
August 12, 2022
ကရင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်မည်ဟု ကရင်အာဇာနည်နေ့သို့ NUG သဝဏ်လွှာပေးပို့
1 / 7
Donate to DVB

ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက ပြီးခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်မှစတင်ကာ မျက်မှောက်ခေတ် နွေဦးတော်လှန်ရေးအထိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်နေတဲ့ KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူတယ်လို့ NUG က ပြောပါတယ်။

ဩဂုတ် ၁၁ ရက် ဒီကနေ့ကျရောက်တဲ့ ကရင်အာဇာနည်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့တကွ ကရင်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာဟာ ဒီကနေ့မှာတော့ ၇၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ဒီနေ့ရက်အချိန်အခါဟာ ကရင်လူမျိုးတွေရဲ့ သမိုင်းနဲ့ ကရင် တော်လှန်ရေးသမိုင်းမှာ မေ့ပျောက်မရတဲ့ အောက်မေ့ဖွယ်နေ့ရက် ဖြစ်ပါတယ်။

NUG အစိုးရကတော့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝအာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် သန္နဋ္ဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒီကနေ့မှာတော့ NUG အစိုးရအနေနဲ့ ကရင်တမျိုးသားလုံးနဲ့ထပ်တူ ကရင်အာဇာနည်အပေါင်းကို အောက်မေအမှတ်ရနေပြီး ကရင်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်ကာ ကရင်လူမျိုးတွေနဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013