DVB Logo
Home
မြန်မာသတင်း
မဏိပူရ်ပြည်နယ်တွင် စစ်ဘေးရှောင် မြန်မာဒုက္ခသည် ၅ ဦး ဖမ်းဆီးခံရ
DVB
·
August 11, 2022
မဏိပူရ်ပြည်နယ်တွင် စစ်ဘေးရှောင် မြန်မာဒုက္ခသည် ၅ ဦး ဖမ်းဆီးခံရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရချန်ပူရ်ခရိုင်၊ ငသဲကျေးရွာရှိ  မြန်မာနိုင်ငံသားတွေ ခိုလှုံနေထိုင်တဲ့နေရာကို  ဩဂုတ် ၉ ရက်က အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး အပါအဝင် မြန်မာနိုင်ငံသား စစ်ဘေးရှောင်ဒုက္ခသည် ၅ ဦးကို ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယမှာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားမရှိကြတာ‌ကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေ ဖြစ်ပါတယ်။

ကူကီး‌ကျောင်းသားလူငယ်တဦးက “အဲ့ဒီ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အများအားဖြင့် စစ်ကိုင်းတိုင်းတွင်းက စစ်ဘေးရှောင်တွေဖြစ်တယ်။ တမူးမြို့နယ်နဲ့ ကလေးမြို့နယ်က စစ်ရှောင်တွေ အများစုပါဝင်ပြီး မုံရွာနယ်က စစ်ဘေးရှောင်တချို့လည်း ပါဝင်တယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေ အခုလို ဒုက္ခရောက်နေချိန်မှာ ကူညီထား‌သင့်တယ်” လို့ပြောပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကနေ အမြန်ဆုံး ဆောင်ရွက်ကူညီပေးကြဖို့လည်း ကူကီး‌ကျောင်းသားလူငယ်တွေက တိုက်တွန်းပါတယ်။ 

အခုလို မြန်မာ့နိုင်ငံရေး အခြေအနေ အကျပ်အတည်းဖြစ်နေတဲ့ကာလမှာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း မဏိပူရ်အစိုးရအနေနဲ့ မြန်မာပြည်သူလူထုတွေကို အမှုကြီးကြီးတပ်ပြီး ဖမ်းဆီးနေတာဟာ လူသားချင်း စာနာထောက်ထားမှုကို အလေးမထားတဲ့အပြင် အိမ်နီးနားချင်းနိုင်ငံ မပီဘူးလို့ ရှုမြင်သုံးသပ်တယ်လို့ ကူကီးကျောင်းသားများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖမ်းဆီးခံ စစ်ဘေးရှောင်တွေကို အိန္ဒိယအာဏာပိုင်တွေက နိုင်ငံခြားသားဥပဒေအရ တရားစွဲ အရေးယူထားတယ်လို့ သိရပြီး ဒီဥပဒေအရ အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဇွန် ၂၈ ရက်ကလည်း အဆိုပါ ငသဲကျေးရွာမှာ ခိုလှုံနေကြတဲ့ ကလေးငယ် အယောက် ၂၀ အပါအဝင် မြန်မာနိုင်ငံသား စစ်ဘေးရှောင် အယောက် ၈၀ ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ ဖမ်းဆီးခံ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အရလည်းကောင်း၊ အိမ်နီးနားချင်းနိုင်ငံအချင်းချင်း အပြန်အလှန် ကူညီဖေးမမှု အရလည်းကောင်း မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ အခက်အခဲအရလည်းကောင်း မြန်မာ  ဒုက္ခသည်တွေအပေါ် စာနာနာလည်း ကူညီပေးဖို့  ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဇွန်လ ၂၉ ရက်က သဘောထားထုတ်ပြန်‌ တောင်းဆိုထား‌‌ပါတယ်။ 

အိန္ဒိယအစိုးရကတော့ ဖမ်းဆီးခံရတဲ့ စစ်‌ဘေးရှောင် မြန်မာနိုင်ငံသားတွေကို ပြန်လွှတ်မပေးတဲ့ အပြင် ထပ်မံဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013