
SpaceX ကုမ္ပဏီအစုရှယ်ယာတွေကို အများပြည်သူထံ ကနဦး စတင်ရောင်းချမှု (IPO) လုပ်ဆောင်ခဲ့အပြီးမှာ အီလွန်မတ်စ်ခ်ဟာ ကမ္ဘာ့ပထမဆုံး ထရီလျံနာ ဖြစ်လာခဲ့ပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဇွန် ၁၁ ရက် ရှယ်ယာစတင်ရောင်းချချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး စံချိန်တင် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံ ရရှိခဲ့ပါတယ်။
ဇွန် ၁၂ ရက် စတော့ရှယ်ယာဈေးကွက်ဖွင့်ချိန်မှာ မတ်စ်ခ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁ ဒသမ ၁ ထရီလျံ ကျော်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
သူ့ရဲ့ ဓနဥစ္စာအများစုဟာ တန်ဖိုး ဒေါ်လာ ၈၆၆ ဘီလီယံလောက်ရှိတဲ့ SpaceX ကုမ္ပဏီကနေ လာတာပါ။
မတ်စ်ခ်ဟာ လျှပ်စစ်ကားကုမ္ပဏီ Tesla နဲ့ အာကာသကုမ္ပဏီ SpaceX အပါအဝင် နည်းပညာလုပ်ငန်းကြီးတွေကို ပိုင်ဆိုင်ထားသူပါ။
သူ့ရဲ့ ဩဇာလွှမ်းမိုးမှုဟာ စီးပွားရေးလုပ်ငန်းတွေသာမက နိုင်ငံရေးအထိ ကျယ်ပြန့်လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရသစ်မှာလည်း အစိုးရအကျိုးထိရောက်မှုဌာန ဖွဲ့စည်းပြီး ယာယီပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ သူပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုနဲ့ နိုင်ငံရေးစွက်ဖက်မှုတွေအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဝေဖန်မှုတွေ ရှိနေပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ သူ့ရဲ့စွမ်းဆောင်ရည်ကို အခိုင်အမာ ယုံကြည်နေပါတယ်။
JPMorgan Chase ရဲ့ အမှုဆောင်အရာရှိချုပ် ဂျေမီဒိုင်းမွန်းက “အီလွန်ဟာ ကျနော်တို့ခေတ်ရဲ့ အက်ဒီဆင် ဖြစ်ပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။
Source: Reuters











