DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ၅၅၅ ရက်ရှိလာ၊ အောင်ပွဲမရောက်မချင်း ပိုစည်းလုံးရန် ဒဂုံတကသ တိုက်တွန်း
DVB
·
August 10, 2022
စစ်အာဏာသိမ်းမှု ၅၅၅ ရက်ရှိလာ၊ အောင်ပွဲမရောက်မချင်း ပိုစည်းလုံးရန် ဒဂုံတကသ တိုက်တွန်း
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားတဲ့ ကာလဟာ ၅၅၅ ရက် ရှိလာခဲ့ပြီဖြစ်ကာ အောင်ပွဲဆီ မရောက်မချင်း ပိုပြီးတော့ သွေးစည်းညီညွတ်ကြဖို့၊ ဇွဲရှိကြဖို့၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေကို ခံနိုင်ရည်ရှိကြဖို့၊ သတ္တိစိတ်ကို ပိုပြီးတော့ မွေးမြူကြဖို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံတဝန်း အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ရာဇဝတ်မှုတွေကို အချိန်ပြည့်ကျူးလွန်နေပြီး လူထုတရပ်လုံးကလည်း ၅၅၅ ရက် ပြည့်ခဲ့ပြီဖြစ်တဲ့ လတ်တလောအချိန်အထိ တော်လှန်ရေးနည်းနာပေါင်းစုံနဲ့ မတရားမှုကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်နေကြတာပါ။

ဒါကြောင့်မို့ ဒီကနေ့အချိန်အထိ ခံယူချက်မပျောက်ပျက်ဘဲ ဆက်လက်တိုက်ပွဲဝင်နေဆဲ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းကိုလည်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဂုဏ်ပြုဦးညွှတ်ပြီး တော်လှန်ရေးခရီး လမ်းခုလတ်မှာ အသက်ပေးခဲ့၊ ဘဝပေးခဲ့ကြရတဲ့ သူရဲကောင်းအပေါင်းကိုလည်း လေးမြတ်စွာ အလေးပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“လွတ်လပ်ခွင့်ကို ကျွန်ုပ်တို့၏လက်ဖြင့်သာ ကိုယ်တိုင်ရယူရမည် ဖြစ်သည်။ တရားမျှတမှုကို ကျွန်ုပ်တို့ကိုယ်တိုင် ဆောင်ကြဉ်းရမည်သာ ဖြစ်သည်။ ခက်ခဲရှည်လျားသော တော်လှန်ရေးခရီးကြမ်းကို ကျွန်ုပ်တို့ အတူတကွ ဖြတ်ကျော်ပြီးအခါတွင် နိုင်ငံတော်သစ်တရပ် မွေးဖွားခြင်းဆိုသည့် သမိုင်းစာမျက်နှာကို အတူတကွ ဖွင့်လှစ်ရမည်သာ ဖြစ်သည်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မတရားဖိနှိပ် တိုက်ခိုက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly က ရရှိတဲ့ ရန်ပုံငွေတွေကို စစ်ရေးမဟာဗျူဟာတွေနဲ့အညီ အသုံးချနေပြီး ကနဦး ပစ္စည်းတချို့ကတော့ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၇၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၀၇၈ ယောက်ထိ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013