DVB Logo
Home
မြန်မာသတင်း
Patriot ပခုံးထမ်းလောင်ချာများ ထုတ်လုပ်ရန် ဒေါ်လာ ၂ သိန်းခွဲ ရန်ပုံငွေရှာ ကမ်ပိန်း YDF စတင်
DVB
·
August 10, 2022
Patriot ပခုံးထမ်းလောင်ချာများ ထုတ်လုပ်ရန် ဒေါ်လာ ၂ သိန်းခွဲ ရန်ပုံငွေရှာ ကမ်ပိန်း YDF စတင်
Donate to DVB

စစ်ကောင်စီတပ်ရဲ့ရဟတ်ယာဉ်တွေကိုခြိမ်းခြောက်နိုင်တဲ့ Patriot ပခုံးထမ်းလောင်ချာကို ယောဒေသကာကွယ်ရေးတပ် (YDF)က အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်လို့ “မြေပြင်ကိုလည်း သိမ်းမယ်၊ ဝေဟင်ကိုလည်းထိန်းမယ်” လို့အမည်ပေးထားတဲ့  ဒေါ်လာ  ၂ သိန်းခွဲ ရန်ပုံငွေရှာတဲ့ ကမ်ပိန်းကို သြဂုတ် ၉ ရက်က စတင်လိုက်ပါတယ်။

YDFနဲ့ မဟာမိတ်တွေအားလုံးအတွက် လက်နက်တွေ အမြန်ဆုံးနဲ့ အများဆုံးအရေအတွက် ရအောင် လိုအပ်တဲ့ ဘဏ္ဍာငွေရရှိဖို့အတွက် ဒီကမ်ပိန်းကို စတင်လိုက်တာဖြစ်တယ်လို့ YDF Fundraising Team အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ ပခုံးထမ်းတွေဆိုတာက နည်းပညာခက်ခက်ခဲခဲနဲ့ တီထွင်နိုင်ခဲ့ပြီ။ ခက်တာက တိုက်ပွဲဝင်အရေအတွက်ရအောင် ထုတ်လုပ်ဖို့က ပြည်သူ့အားလိုပါတယ်။ ပခုံးထမ်းဟာ လေထဲက ရန်သူကို ကောင်းကောင်းခြိမ်းခြောက်နိုင်ပါတယ်။ မမြင်ဖူးရင် ရုပ်ရှင်တွေထဲ ကြည့်ပါ။ တလက်မှ ကျပ်သိန်း ၂၀ အောက်ကုန်ကျမယ့် ပခုံးထမ်းတွေ အများအပြားနဲ့ ဒေါ်လာမီလီယံကျော် ရဟတ်ယာဉ်ကြီးကို ဘယ်လိုပစ်ချလိုက်တာဆိုတဲ့ ဇာတ်လမ်းတွေ ပြောပြနိုင်ဖို့ ဒေါ်လာ ၂ သိန်းခွဲ ရဟတ်ယာဉ်ကို ပစ်ချမယ့် အိပ်မက် အကောင်အထည်ဖော်ချင်ပါတယ်။ တယောက်ဒေါ်လာ ၁၀၀ ထည့်ရင် လူ ၂,၅၀၀ ပဲ လိုတာပါ အများကြီး မဟုတ်ပါဘူး။”

ပခုံးထမ်းလောင်ချာတွေကို လျှို့ဝှက်ထုတ်လုပ်နေတာလည်း ၆ လလောက်ရှိနေပြီး အရင်က ကိုယ်ပိုင်ငွေနဲ့ လုပ်ခဲ့ကြရာက အခုကတော့ အနည်းဆုံး စမ်းသပ်ပစ်ခတ်နိုင်တဲ့ အဆင့်ရောက်ပြီ ဖြစ်လို့ အများပြည်သူထံ ရန်ပုံငွေတောင်းခံရခြင်း ဖြစ်တယ်၊ ဒီရလဒ်ထွက်လာဖို့ ရဲဘော်တွေရဲ့ ခြေလက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတာတွေ ရှိခဲ့တယ်လို့ YDF Fundraising Team ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

YDF အနေနဲ့ ခါးချိုးသေနတ်တွေ၊ တလုံးထိုးသေနတ်တွေ၊ ၄၀ မမ သေနတ်နဲ့ ၄၀ မမ ဗုံးသီး (version3)၊ ၆၀ မမ မော်တာနဲ့ ၆၀ မမ ဗုံးသီး ၊ ၈၀ မမ မော်တာနဲ့ ၈၀ မမ ဗုံးသီး၊ Patriot ပခုံးထမ်းလောင်ချာ(1.5 Mile)၊ Patriot ပခုံးထမ်းလောင်ချာ(2.5Mile)၊ YDF –Bomber Drone ၂ ကီလိုအထိသယ်နိုင်တဲ့ ဗုံးကြဲဒရုန်းတွေ  အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ စမ်းသပ်ထုတ်လုပ်နေတဲ့ လက်နက်တွေကတော့ Patriot –P1 ၅ မိုင်ကျော်သွားနိုင်တဲ့ တာဝေးပစ်ဒုံး၊ Patriot –P2 ၅ မိုင်ကျော် သွားနိုင်တဲ့ တာဝေးပစ်ဒုံး၊ တာဝေးပစ်ဒုံးမှာ အသုံးပြုနိုင်တဲ့  GPS  Guided Module တွေဖြစ်ပါတယ်။

YDF အနေနဲ့ စစ်လက်နက်တွေ ထုတ်လုပ်ရာမှာ ရန်သူ့စစ်တပ်ကို မဟာဗျူဟာကျကျ တိုက်ခိုက်နိုင်မယ့် လက်နက်တွေ ထုတ်လုပ်နိုင်ရေး၊ YDF နဲ့ ထိစပ်ထားတဲ့ မဟာမိတ်တွေနဲ့ ခွဲဝေသုံးစွဲနိုင်ရေးကို ရည်မှန်းထုတ်လုပ်တယ်လို့ သိရပါတယ်။

ယောဒေသကာကွယ်ရေးတပ်ဟာ ယောဒေသရှိ မြို့နယ် ၅ ခုရဲ့ အခြေပြုလှုပ်ရှားနေတဲ့ ဒေသခံကာကွယ်ရေးတပ်တခု ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားတဲ့  ဒေသခံတပ်တခု ဖြစ်ပါတယ်။

ယောကာကွယ်ရေးတပ်-YDF ဟာ စစ်အာဏာသိမ်းတာကို လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့ထဲမှာ အစောဆုံးအဖွဲ့တဖွဲ့ဖြစ်ပြီး သက်တမ်းတနှစ်ကျော်အတွင်းမှာ ပြည်သူတွေရဲ့ ထောက်ပို့မှုနဲ့ စစ်ကောင်စီ အာဏာရှင် လက်ကိုင်တုတ် အမြောက်အမြားကို သုတ်သင်ထားနိုင်ခဲ့တယ်လို့ YDF ကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013