DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၂ သန်းကျော်ရှိလာ၊ ဇူလိုင်လအတွင်း အများဆုံး စံချိန်တင်
DVB
·
August 7, 2022
နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၂ သန်းကျော်ရှိလာ၊ ဇူလိုင်လအတွင်း အများဆုံး စံချိန်တင်
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူပြီးကတည်းက လူ ၄၁,၉၀၀ ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။  

အခုရက်ပိုင်းတွေအတွင်းမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ တိုက်ပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် အရပ်သားကာကွယ်စောင့်ရှောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေလည်း ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။ 

နိုင်ငံအနောက်မြောက်ဘက် စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေ မြင်တွေ့ခဲ့ရပြီး ဇူလိုင်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေအများဆုံး စံချိန်တင်ခဲ့ကြောင်းနဲ့ အလားတူ နိုင်ငံအရှေ့တောင်ဘက် ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းမှာ ဇွန်လကုန်ကစပြီး တပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြားမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေအပါအဝင် နိုင်ငံအရှေ့တောင်ပိုင်း တနံတလျားက ထိခိုက်ခံစားရသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ UNOCHA က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာမှုအသစ်တွေဖြစ်ပေါ်နေပြီး ထိခိုက်ခံစားရသူတွေဆီကို အကူအညီတွေပေးဖို့ ကန့်သတ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013