
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လိုင်ချောင်ပြည်နယ်က တောင်တန်းပေါ်မှာရှိတဲ့ ရွာတရွာမှာ ရုတ်တရက် ရေကြီးလို့ လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဇူလိုင် ၁၈ ရက်မှာ ဖော်ပြပါတယ်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသ အတော်များများမှာ ရက်ပေါင်းများစွာ မိုးသည်းပြီးတဲ့နောက် သောကြာနေ့အစောပိုင်းက မွမ်သန်ရွာမှာ ရေကြီးလို့ လူ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဗီယက်နမ်သတင်းဌာနက ဖော်ပြပါတယ်။
ဇူလိုင်လကနေ စက်တင်ဘာလအထိ မိုးရာသီအတွင်း ဗီယက်နမ်နိုင်ငံမှာ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်တွေကြောင့် လူ ၄၈၉ ယောက် သေဆုံးခဲ့ရတယ်လို့ အစိုးရရဲ့ သတင်းအချက်အလက်တွေက ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသ အတော်များများမှာ စနေနေ့က ၂၅ စင်တီမီတာအထိ မိုးသည်းမယ်လို့ ခန့်မှန်းထားပြီး နောက်ထပ် ရေကြီးမြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
Source: Reuters











