စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းက ရဲတပ်သား တယောက် လက်နက်အပြည့်အစုံနဲ့ အာဏာဖီဆန် CDM ပြုလုပ်လာတာကြောင့် ဆုငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့တယ်လို့ TPC (ရွှေဘိုခရိုင် တပ်ရင်း ၂၅)က သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
CDM ပြုလုပ်ပြီး ပြည်သူလူထုထံပူးပေါင်း အလင်းဝင်လာတဲ့ ရဲတပ်သား ဇင်သူအောင် ဟာ မိတ္ထီလာအခြေစိုက် အမှတ် ၃၅ ရဲတပ်ရင်းကဖြစ်ပြီး ကံထူးမနယ်မြေရဲစခန်းမှာ တာဝန်ကျနေသူဖြစ်ပါတယ်။
ရဲတပ်သား ဇင်သူအောင်က “စကစပေါ့နော်၊ မင်းအောင်လှိုင်ရဲ့လုပ်ရပ်တွေကို မကြိုက်လို့ပါ။ ရဲတွေ၊ စစ်သားတွေဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ပဲပေါ့နော်။ တာဝန်က တကယ်တော့ အခုလုပ်နေတဲ့လုပ်ရပ်က မင်းအောင်လှိုင်ရဲ့ စကစရဲ့ လက်အောက်မှာ နေခဲ့ရတဲ့ကာလမှာ သူတို့ ခိုင်းရာပဲ ကိုယ်လုပ်ခဲ့ရတယ်၊ ပြီးတော့ ပြည်သူတွေကို သတ်နေတာမျိုး အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးနေရတာဖြစ်လို့ ရင်ထဲမှာ ခံစားရပါတယ်။ အဲဒါကြောင့် ပြည်သူ လူထုနဲ့ လက်တွဲချင်လို့ ပြည်သူလူထုရဲ့ဘက်က ရပ်တည်ပေးချင်တာဖြစ်တဲ့အတွက်အခုလို CDM လုပ်ခဲ့တာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရဲတပ်သား ဇင်သူအောင်ဟာ သူကိုင်ဆောင်တဲ့ G သေနတ် ၁ လက်၊ ကျည်ဆန် ၃၈၀၊ စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့အတူ TPC (ရွှေဘို ခရိုင် တပ်ရင်း ၂၅)ထံ အလင်းဝင်လာတာ ဖြစ်ပါတယ်။
ရဲတပ်သား ဇင်သူအောင်ကို ပြည်သူတွေနဲ့အတူ TPC (ရွှေဘိုခရိုင်တပ်ရင်း ၂၅)အဖွဲ့သားတွေကလည်း လေးစား ဂုဏ်ယူပါတယ်လို့ TPC (ရွှေဘိုခရိုင်တပ်ရင်း ၂၅)က ထုတ်ပြန်ထားပါတယ်။