DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာ
DVB
·
August 5, 2022
လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာ
Donate to DVB

စစ်ကောင်စီတပ်တွေက အဓမ္မပြုကျင့်သတ်ဖြတ်တာတွေ များပြားလားတာကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာကြတယ်လို့ ပခုက္ကူ-Generation Z တပ်ဖွဲ့က ပြောပါတယ်။

နေရာဒေသတော်တော်များများမှာ အမျိုးသမီးတွေ မုဒိန်းကျင့် သတ်ဖြတ်ခံရတွေဖြစ်လာတော့ အမျိုးသမီးတွေအနေနဲ့ မခံချင်စိတ်တွေ ပိုတိုးပွားလာတဲ့အတွက် တောထဲကိုဝင်ပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ကြတာလို့ PKU-GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်Tiger (တိုင်းဂါး) က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအနေထားမှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဟာ စခန်းမှာ ကင်းစောင့်တာ၊ ပွိုင့်စောင့်တာ၊ ရပ်ရွာတွေထဲ ပြည်သူတွေကို ဆေးဝါးလိုက်ကုသတာတွေ၊ ဆေးဝါးကုသတဲ့ ဆရာ၊ ဆရာမတွေကို လုံခြုံရေးလိုက်ပေးတာမျိုးတွေ၊ စစ်မြေပြင်ကို ကိုယ်တိုင်ဆင်းပြီး ဒဏ်ရာရ ရဲဘော်တွေကို ကယ်ထုတ်ပြီး ဆေးဝါးကုသတာတွေ လုပ်ဆောင်ပေးလို့ တော်လှန်ရေးအတွက် အရမ်းကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်တယ်ဆိုတဲ့ သက်သေကို မြန်မာအမျိုးသမီးငယ်တွေဟာ သက်သေပြသွားပြီး ရှေ့ဆက် သက်သေပြနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းကြဖို့ ဗိုလ်Tiger က ဖိတ်ခေါ်လိုက်ပါတယ်။

“ကျနော်တို့တွေ နယ်မြေစိုးမိုးမှု ရရှိထားတယ်ဆိုပေမယ့် စစ်​ကြောင်းလာရင် လက်နက်အင်အားမမျှလို့ ဘေးလွတ်ရာကို ပြေးကြရတာပဲ။ ကျနော်တို့ရဲ့ တည်ဆောက်ပြီးခါစ စခန်းမှာတော့ သြဂုတ် ၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတွေ ထိုးနေတဲ့ အခက်အခဲကြားက သင်တန်းသား သင်တန်းသူ ၂၇ ယောက်ကို အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့တယ်။ စခန်းမှာလုပ်တာဆိုရင် ပထမဦးဆုံးအပတ်စဥ်ပေါ့။ အရင်ကတော့ မဟာမိတ်တပ်ဖွဲ့တွေဆီမှာ သင်တန်း ၂ ခု ပို့ချခဲ့သေးတယ်။ ကျနော်တို့နယ်မြေမှာ မီတာ ၃၀၀ လောက်အကွာထိ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တဲ့ ညတွေလည်းရှိတယ်။ သင်တန်းသား ရဲဘော်တွေလည်း သတိဝီရိယနဲ့နေပြီး တခုခုဆိုရင် ၃ မိနစ်အတွင်းမှာ ရှိသမျှပစ္စည်းတွေအားလုံး သိမ်းဆည်းပြီး ပြေးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ပြီးမှ ဒီသင်တန်းကို ပို့ချခဲ့ရတာ။ သင်တန်းအပတ်စဥ် ၃ ခုအထိ ပို့ချနိုင်ခဲ့ပြီး ၄၅ ရက်မွမ်းမံသင်တန်းလည်း ထပ်မံပို့ချသွားမယ်။” 

သင်တန်းဆင်း အမျိုးသမီးတပ်ဖွဲ့ဝင်တယောက်က “လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာရတဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင်စနစ်ကို မကြိုက်လို့ပါ။ ရန်ကုန်မြို့မှာ ဆန္ဒပြ သပိတ်စစ်ကြောင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဖြိုခွင်းခံရပြီး သူငယ်ချင်း ၃ ယောက် ဖမ်းဆီးခံရကာ တယောက်က စစ်ကြောရေးမှာ သေဆုံးခဲ့တယ်။ ရပ်ကွက်ထဲမှာ တို့မီးရှို့မီး အလုပ်ခံရလို့ နေလို့မရတော့လို့ ထွက်လာပြီး ဖေ့စ်ဘွတ်ခ်က သူငယ်ချင်းတွေဆီကနေတဆင့် ဆက်သွယ်ပြီး PKU-GZ တပ်ဖွဲ့ကို ဝင်ရောက်ခဲ့တာ။ သူနာပြုဘက်ကဆိုတော့ ရှေ့တန်းထိလိုက်ပြီး တိုက်ပွဲ၊ တိုက်ရင်းနဲ့ ဒဏ်ရာရဲဘော်တွေကို ဆေးကုပေးချင်လို့ ရောက်လာတာပါ” လို့ ပြောပါတယ်။

ပခုက္ကူ-Generation.Z တပ်ဖွဲ့ဝင် အမျိုးသမီးတယောက်က “သူနာပြုဘက်ကဆိုတော့  ရှေ့တန်းထိလိုက်ပြီး တိုက်ပွဲတိုက်ရင်းနဲ့ ဒဏ်ရာရဲဘော်တွေကို ဆေးကုပေးချင်လို့ ရောက်လာတာပါ။ သင်တန်းကာလမှာ အရမ်းပင်ပန်းတယ်၊ အစားသောက်ဆင်းရဲတယ်။ ရွာတွေမှာ အမျိုးသမီးတွေ မုဒိမ်းကျင့်သတ်ဖြတ်ခံနေရတာတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း အသေဆိုးနဲ့ သေနေရတယ်။ အဲဒါကြောင့် အမျိုးသမီးအများအပြား ပါဝင်လာပြီး ရွာတွေမှာ ဆရာဝန်မရှိဘူး။ ဆေးဝါးကျွမ်းကျင်သူတွေ မရှိတာကြောင့် တပ်ဖွဲ့က ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေကို ဆေးကုပေးချင်လို့ ဝင်ရောက်လာသူ များပြားတယ်” လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ PDF တပ်ဖွဲ့တွေ စိုးမိုးတဲ့ နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်တွေက အင်အားအလုံးရင်းနဲ့ အသည်းအသန် ထိုးစစ်ဆင်ကာ နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို့ တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း လက်နက်ခဲယမ်း လိုအပ်ချက်တွေ နေ့စဥ် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

PKU-GZ တပ်ဖွဲ့အနေနဲ့ ပခုက္ကူမြို့မှာ မြိုပြလှုပ်ရှားမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုအားနည်းတာကြောင့် မြို့ပြကို ခေတ္တစွန့်ခွာပြီး တောထဲမှာ ကျစ်လျစ်ခိုင်မာတဲ့ အဖွဲ့ကြီးတခုအဖြစ် ရပ်တည်ကာ မြို့ပြလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ မကြာခင် ပြန်လာတော့မယ်လို့ ဗိုလ်Tiger က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင်လ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013