DVB Logo
Home
မြန်မာသတင်း
စစ်တပ်မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့အိုးအိမ်များ ပြန်လည်ထူထောင်ရန် “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်စတင်
DVB
·
August 5, 2022
စစ်တပ်မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့အိုးအိမ်များ ပြန်လည်ထူထောင်ရန်  “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်စတင်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသတွေက မီးဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည်ဆောက်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်ကို စတင်တော့မယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကိုတော့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ OFP , Global Fundraiser Group (GFG)တို့က ပူးပေါင်းဆောက်ရွက်မှာဖြစ်ကာ လာမယ့် ဩဂုတ် ၈ ရက်ကနေ ၂၄ ရက်နေ့အထိ လက်မှတ်တွေ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

“အမေဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့တဲ့ ယပ်တောင်လေးဟာ မြန်မာပြည်တနံတလျား ခရီးစဉ်တွေမှာ အမေနဲ့ အတူလိုက်ပါခွင့်ရခဲ့တဲ့၊ အမေမြတ်နိုးတဲ့ ယပ်တောင်လေးဖြစ်တာမို့ အမေ့အငွေ့အသက်တွေ ရာနှုန်းပြည့် လွှမ်းမိုးခဲ့တဲ့ ယပ်တောင်လေး ဖြစ်ပါတယ်။ အမေ့ကို ရာသီဥတုအပူဒဏ်က ကာကွယ်ပေးခဲ့တဲ့ ဒီယပ်တောင်လေးဟာ အခုအချိန်မှာ ပြည်လုံးကျွတ် ခံစားနေရတဲ့ သောကအပူမီးတွေကို ငြိမ်းအေးစေဖို့ အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာ သေချာပါတယ်။ အာဏာရူးနဲ့ နောက်လိုက်များရဲ့ မိုက်မဲ ရမ်းကားမှုကြောင့် မြန်မာပြည် အရပ်ရပ်မှာ ကျေးရွာများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ ရွာသူရွာသား ထောင် ပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို ပိုင်ဆိုင်မှု အစုစုကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အခုလို ပြည်သူ့တော်လှန်ရေးအရှိန်အဟုန် မြင့်တက်လာချိန်မှာ ပြန်လည်ထူထောင်ရေးကိုလည်း မေ့ထားလို့မရပါဘူး။ တော်လှန်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တော်လှန် ဆိုသလို စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရတဲ့ ကျေးရွာတွေမှာ MOHADMက ဦးစီးပြီး အိုးအိမ်များ အသစ်ပြန်လည် တည် ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။”

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင် တော်လှန်တဲ့ ဘယ်သူ့ကိုမဆို မင်းမဲ့စရိုက်ဆန်ဆန် ပစ်ဖတ်သတ်ဖြတ်နှိမ်နင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေအပြင် လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီး ရှို့ဖျက်ဆီးတာတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုနှစ် ဇွန် ၂၇ ရက်အထိ ပဋိပက္ခနဲ့ မလုံခြုံမှု တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၅၈,၀၀၀ ယောက် အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ စုစုပေါင်း ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံအနောက်မြောက်ပိုင်း တနံတလျားမှာ  ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် အရပ်သားနေအိမ် အနည်းဆုံး ၁၉,၃၅၀ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်၊

“အမေမှာကြားခဲ့တဲ့ ဆုံးမစကားဖြစ်တဲ့ အခက်အခဲတွေ ကြုံရတဲ့ အချိန်မှာ အချင်းချင်း စောင့်ရှောက်ကြပါ၊ ကူညီကြပါ ဆိုတဲ့ စကားလေးကို လိုက်နာသောအားဖြင့် ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်း ကူညီကြရပါမယ်။”

လတ်တလောမှာတော့ အမေ့လက်ဆောင် အမေ့ယပ်တောင် အစီအစဉ်မှာ အားလုံးတတပ်တအား ပါဝင်နိုင်ဖို့ နှိုးဆော်ထားပြီး ယပ်တောင်လေးရဲ့ ကံထူးရှင်ကိုတော့ လာမယ့် ဩဂုတ် ၂၆ ရက်မှာ ကြေညာပေးသွား မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013