DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်မည့် PMG ပုလင်းသန့်စက်ရုံလုပ်သားများကို အလုပ်သမားရုံး ခြိမ်းခြောက်
DVB
·
August 4, 2022
သပိတ်မှောက်မည့် PMG ပုလင်းသန့်စက်ရုံလုပ်သားများကို အလုပ်သမားရုံး ခြိမ်းခြောက်
Donate to DVB

ရက်မှန်ကြေး လုပ်အားခရရှိရေးအတွက် သပိတ်မှောက် တောင်းဆိုဖို့ရှိနေတဲ့ PMG ပုလင်းခွံဆေး စက်ရုံက အလုပ်သမားတွေကို မြို့နယ်အလုပ်သမားရုံး ဦးစီးမှူးတွေက ဒီကနေ့ စက်ရုံကို လာရောက်ပြီး ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ်အပိုင်၊ ရွှေပြည်သာစက်မူဇုန် (၃) မှာ ဖွင့်လှစ်ထားတဲ့ PMG ပုလင်းခွံဆေးစက်ရုံက အလုပ်သမားတွေဟာ ယခင်ရရှိတဲ့ ရက်မှန်ကြေးပြန်ပေးဖို့ သြဂုတ် ၈ ရက်ကစပြီး စက်ရုံအတွင်း သပိတ်မှောက် တောင်းဆိုဖို့ စီစဥ်ထားကြတာ ဖြစ်ပါတယ်။

အဲဒီလို သပိတ်မှောက်မယ့်သတင်းကို မြို့နယ်အလုပ်သမားရုံးက သိရှိပြီးတဲ့နောက် ဒီနေ့မနက်မှာ စက်ရုံကို လာရောက်ဖိအားပေးသွားတာလို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)မှ ကိုဇင်ဝေအောင်က ပြောပါတယ်။

“အမှန်က ဒီနေ့ တနာရီမှာ အလုပ်သမားတွေကို အလုပ်ရုံးလာဖို့ ခေါ်ထားတာ။ အလုပ်သမားတွေက ကူညီပေးနေသူကို စပါယ်ရှယ်ပါဝါပေးလိုက်ရင် ကျနော်တို့နဲ့ပဲ စကားပြောရတော့မှာ။ အဲဒါ ရိပ်မိလို့ထင်တယ်၊ မနက် ၁၀ နာရီကျော်လောက်မှာပဲ အလုပ်သမားရုံးက ဦးစီးသုံးယောက်လုံး စက်ရုံကိုသွားတယ်။ အဲဒီမှာ အလုပ်သမားတွေကို ခြိမ်းခြောက်တော့တာပဲ”လို့ သူက ပြောပါတယ်။

အလုပ်သမားရုံးဦးစီးမှူးတွေက သပိတ်မှောက်လှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် တရားစွဲအရေးယူမယ် ဆိုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၄၇ ဦးရှိပြီး အကုန်လုံးက သပိတ်မှောက်ဖို့ သဘောတူထားပေးမယ့် ဒီနေ့ ခြိမ်းခြောက်ခံရပြီးနောက် ၃ ယောက်က နုတ်ထွက်သွားတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ အရင်က အလုပ်ပျက်ရက်မရှိတဲ့သူတွေကို လစာရဲ့ ၁၀ ရာခိုင်နှုန်းကို ရက်မှန်ကြေးပေးခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်ကစပြီး မပေးတော့ဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေက ရက်မှန်ကြေးပြန်ပေးဖို့ တောင်းဆိုတာကြောင့် ၂၀၂၁ ဇန်နဝါရီ တစ်လသာ ပြန်ပေးပြီးနောက် နိုင်ငံရေးအခြေအနေကိုအ ကြောင်းပြပြီးမပေးတော့ဘူးလို့ သိရပါတယ်။

ရက်မှန်ကြေးပြန်ရဖို့ လုပ်ငန်းခွင်မှာ ဆက်တောင်းဆိုတာ မရလို့ ဥပဒေလမ်းကြောင်းအတိုင်း မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံး၊ အငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိအဖွဲ့အဆင့်အထိ တိုင်ကြားခဲ့ပေမယ့် အလုပ်ရှင်ကိုသာ အနိုင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် လလယ်ပိုင်းမှာ ခုံသမာဓိအဖွဲ့က အလုပ်ရှင်ကို အနိုင်ပေးခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ကို မကျေနပ်ရင် ခုံသမာဓိကောင်စီအဆင့်တက်ဖို့နဲ့ လုပ်ငန်းခွင်အတွင်း သပိတ်မှောက်နိုင်တဲ့ နည်းလမ်းကို ဥပဒေအရ ရွေးချယ်ခွင့်ရရှိထားတာပါ။

“ခုံသမာဓိကောင်စီကိုလည်း အယုံအကြည်မရှိတော့ အလုပ်သမားတွေက သပိတ်မှောက်မယ့် လမ်းကို ရွေးတယ်။ ဒါ ဥပဒေအရ လုပ်ခွင့်ရှိတဲ့ အခွင့်အရေး။ ဒါကို အလုပ်သမားရုံးဦးစီးမှူးတွေက မလုပ်ရဘူးဆိုပြီး ဥပဒေကို မျက်ကွယ်ပြုပြောတာ၊ အလုပ်ရှင်ဘက်ကနေရပ်ပြီး အလုပ်သမားတွေကို ဖိအားပေးတာ”လို့ ကိုဇင်ဝေအောင်က ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ကျန်ရှိတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ သပိတ်မှောက်ဖို့ လက်ကိုင်ထားဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီသပိတ်ကို သြဂုတ် ၈ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ နှစ်လကြာ လုပ်သွားမယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013