DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များ စက်လှေဖြင့်ပင်လယ်ပြင်ထွက်ခွာမှု ၂ ဆနီးပါး မြင့်တက်လာ
DVB
·
April 24, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကနေ စက်လှေတွေနဲ့ ပင်လယ်ပြင်ကို ထွက်ခွာသွားတဲ့ ရိုဟင်ဂျာဒုက္ခ သည်အရေအတွက်ဟာ အခုနှစ် ပထမ ၃ လအတွင်းမှာပဲ မနှစ်ကထက် ၈၅ ရာခိုင် နှုန်းလောက်အထိ မြင့်တက်လာတယ်လို့ Save the Children အဖွဲ့က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီလို အန္တရာယ်များတဲ့ ခရီးလမ်းကို သွားနေကြတဲ့ ထောင်နဲ့ချီတဲ့ လူတွေထဲမှာ ကလေးသူငယ် တွေလည်း ပါဝင်နေသလို ကုလသမဂ္ဂ အချက်အလက်တွေကို လေ့လာကြည့်တဲ့အခါ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မတ် ၃၁ ရက်အတွင်းမှာ လူ ပေါင်း ၂,၉၀၇ ဦးဟာ စက်လှေတွေနဲ့ ထွက်ခွာ ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အလားတူကာလမှာတော့ ၁,၅၇၁ ယောက်ပဲ ရှိခဲ့တာဖြစ်လို့ ဒါဟာ ၂ ဆနီးပါး သိသိသာသာ မြင့်တက်လာတာဖြစ်သလို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အဆိုအရ အဲဒီလို ထွက်ခွာသွားသူတွေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို စိုးရိမ်စရာကောင်းတဲ့ မြင့်တက်မှုဟာ မိုးသက်လေပြင်းတွေနဲ့ လှိုင်းလေထန် တတ်တဲ့ မုတ်သုံရာသီ မတိုင်ခင်မှာ ဖြစ်ပေါ်နေတာဖြစ်လို့ စက်လှေမှောက်ပြီး အသက်အန္တရာယ် ကြုံရနိုင်ခြေ ပိုများနေတယ်လို့လည်း Save the Children အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဒီလဆန်းပိုင်းမှာ ဒုက္ခသည်စခန်းတွေအတွင်း စားနပ်ရိက္ခာ ခွဲတမ်းတွေကို ထပ်မံ ဖြတ်တောက်လိုက်တာကြောင့် ကလေးငယ် ၅ သိန်းကျော် ထိခိုက်ခဲ့ရပြီး မိသားစုတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေခဲ့သလို စားနပ်ရိက္ခာ မလုံလောက်မှုကြောင့်ပဲ ဒုက္ခသည်တွေဟာ ပိုပြီး အန္တရာယ်များတဲ့ ပင်လယ်ခရီးကို စွန့်စားထွက် ခွာဖို့ တွန်းအားဖြစ်စေခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်း မရှိတာတွေကြောင့်လည်း ကလေးသူငယ်တွေဟာ ပင်လယ်ပြင်မှာ အလွဲသုံးစားလုပ်ခံရတာ၊ ဒါမှမဟုတ် သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ဒီခရီးလမ်းကို ရွေးချယ်လာကြတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တင်ဆောင်လာတဲ့ ငါးဖမ်းစက်လှေတစင်း ကပ္ပလီပင်လယ်ထဲမှာ နစ်မြုပ်ခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် လူ ၂၅၀ လောက် ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးခဲ့ရတယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရတာ ၉ နှစ်နီးပါး ရှိလာပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ကော့ဇ်ဘဇားက စခန်းတွေမှာပဲ ရှိနေဆဲဖြစ်သလို သူတို့ဟာ နိုင်ငံမဲ့ တွေဖြစ်နေပြီး ရှင်သန်နိုင်ဖို့ လူသားချင်းစာနာမှု အကူအညီတွေကိုပဲ အလုံးစုံ မှီခို နေရတယ်လို့ ဆိုပါတယ်။

Save the Children အဖွဲ့ရဲ့ ကော့ဇ်ဘဇားဒေသ ညွှန်ကြားရေးမှူး ဂိုလမ်မူစတာဖာက “ဒီစခန်းတွေ ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အသိပ်သည်းဆုံး နေရာတွေဖြစ်ပြီး နေထိုင်ရတာ အင်မတန် အန္တရာယ် များပါတယ်” လို့ ပြောပါတယ်။

ကလေးသူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ မလုံခြုံမှုတွေ၊ အကူအညီ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရသလို သွားလာခွင့် ကန့်သတ်ချက်တွေ၊ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့်လည်း အခက်တွေ့နေကြရတ​ယ်လို့ ဆိုပါတယ်။

“မိသားစုအများစုကတော့ သူတို့မှာ အသက်စွန့်ပြီး စက်လှေနဲ့ထွက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ခံစားနေကြရတာပါ” 

ဒါကြောင့် အလှူရှင်တွေအနေနဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် ရန်ပုံငွေ တိုးမြှင့်ပေးဖို့နဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ကလေးသူငယ်တွေ ဘေးကင်းလုံခြုံဖို့ အလေးပေး ဆောင်ရွက်ကြဖို့ Save the Children အဖွဲ့ က တောင်းဆိုလိုက်ပါတယ်။

အဖွဲ့အနေနဲ့ ၂၀၁၇ ခုနှစ်ကစပြီး ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွေမှာ ကလေးသူငယ် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ရိက္ခာဝေငှ တာတွေကို လုပ်ဆောင်ပေးနေပြီး အခုအချိန်အထိ ကလေး သူငယ် ၃၂၀,၀၀၀ အပါအဝင် ဒုက္ခသည် ၆ သိန်းကျော်ကို ကူညီပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013