DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ လက်ရှိအခြေအနေနှင့် ခရီးစဥ်များအကြောင်း ထိုင်းရုပ်သံများတွင် ပြသနိုင်ရန် စီစဥ်
DVB
·
August 4, 2022
မြန်မာနိုင်ငံ လက်ရှိအခြေအနေနှင့် ခရီးစဥ်များအကြောင်း ထိုင်းရုပ်သံများတွင် ပြသနိုင်ရန် စီစဥ်
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှန်နဲ့ ခရီးစဥ်ဒေသတွေအကြောင်း ထိုင်းရုပ်မြင်သံကြား အစီအစဉ်တွေမှာ ထုတ်လွှင့်ပြသနိုင်ဖို့ စီစဥ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီလို ထုတ်လွှင့်နိုင်ဖို့အတွက် ထိုင်းနိုင်ငံ ရုပ်သံမီဒီယာအဖွဲ့တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ ခရီးစဥ်ဒေသတွေကို ထိုင်းခရီးသွားဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်လာဖို့နဲ့ မြန်မာ့ခရီးသွားလုပ်ငန်းမှာ ထိုင်းခရီးသွားဈေးကွက် ပိုမိုရရှိစေဖို့ ရည်ရွယ်တယ်လို့ ဌာနက ထုတ်ပြန်ထားတာပါ။

အဲဒီတွေ့ဆုံမှုမှာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံရဲ့ လက်တွေ့ဘဝ အခြေအနေမှန်ကို မြင်တွေ့နားလည်ပြီး ကောင်းမွန်တဲ့ အမှတ်တရတွေ အတွေ့အကြုံတွေကို ထိုင်းရုပ်မြင်သံကြား အစီအစဉ်တွေကနေတဆင့် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်မျှဝေမှုနဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့အတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံ ရုပ်သံမီဒီယာအဖွဲ့တွေကို ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကာ e-Visa (Tourist) ကိုလည်း မေလ ၂၀ ရက်နေ့မှ စတင်ခွင့်ပြုပေးခဲ့တာပါ။

စတင်ခွင့်ပြုချိန်ကနေ ဒီနေ့အချိန်အထိ တနေ့ကို နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းနဲ့ ထိုင်းခရီးသွားဧည့်သည်တွေ အပါအဝင် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ တိုးတက်ဝင်ရောက် လည်ပတ်နေကြတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမဲ့ ပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ လာမယ့် ၂၀၂၃ အထိ ပြန်ကောင်းနိုင်ခြေမရှိဘူးလို့ ပြည်တွင်းခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက ခန့်မှန်းတွက်ဆထားကြပြီး ခရီးသွားလုပ်ငန်းရှင် တချို့ကတော့ လာမယ့် ၂၀၂၃-၂၀၂၄ ခရီးသွားရာသီအစမှာ လုပ်ငန်းတွေ ပြန်လည်ပတ်လာဖို့ မျှော်လင့်ထားကြပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနကတော့ နိုင်ငံတကာ ပုံမှန် လေကြောင်းခရီးစဉ်တွေနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေကနေတဆင့် မြန်မာနိုင်ငံကို ဝင်ရောက်မယ့် ခရီးသွားတွေအတွက် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကို မကြာသေးခင်က ထုတ်ပြန်ထားပြီး သြဂုတ် ၁ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စီးပွားရေးအဖွဲ့အစည်း (TBAM) နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ကိုဗစ်မတိုင်မီက အရှိန်အဟုန်နဲ့ ထွန်းကားတိုးတက်နေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ရပြီး စစ်အာဏာသိမ်းမှု အကျိုးဆက်ကိုလည်း ဆက်ခံခဲ့ရပါတယ်။

ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို ပြည်ပဧည့်သည် လာရောက်မှုကလည်း ၄ သန်းခွဲ နီးပါးရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဝင်ရောက်မှုထက် ၂၃ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါတယ်။ ၂၀၂၀၊ ၂၀၂၁ ခုနှစ်တို့မှာ ပြည်ပဧည့်သည် ၅ သန်းထိ လာရောက်ဖို့ မျှော်မှန်းထားခဲ့ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ မျှော်လင့်ချက် အင်မတန် နည်းနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013