
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင် ၂၉၊ ၃၀၊ ၃၁ ရက်တွေမှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မှာ ကလိန်အောင်ကနေ ထားဝယ်ကို ဦးတည်လာတဲ့ စစ်ကောင်စီကား ၄ စီးပါ ယာဉ်တန်းကို ရေး- ထားဝယ် ကားလမ်းမ မိုင်တိုင် ၂၈/၂၉ အကြားမှာ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီအရာရှိတဦးနဲ့ တပ်သားတဦး ဒဏ်ရာရခဲ့ကြပါတယ်။
ရေဖြူအရှေ့ဘက်ကမ်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းထဲက ကားတစီးလည်း ဇူလိုင် ၃၀ ရက် က ဝက်ချောင်းရွာအနီးမှာ မိုင်းဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။
ဇူလိုင် ၃၁ ရက် ညပိုင်းမှာလည်း ထားဝယ်မြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီကားတစီးဟာ ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ ဇီးကျရွာအကြားမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီ ဇီးကျရွာအနီးမိုင်းဆွဲခံရမှုနဲ့ ဝက်ချောင်းရွာအနီးက မိုင်းဆွဲခံရမှုတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာလည်း မသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၂၉ ရက် ရေး-ထားဝယ် ကားလမ်းပေါ်မှာ မိုင်းဆွဲခံရပြီးနောက် ရေဖြူမြို့နယ်ထဲက ပုဂေါဇွန်း၊ဧကနိ၊ဝက်ချောင်း၊ ခရင်းချောင်း နဲ့ ရငဲ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဧကနိရွာမှာ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယိ။
စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဧကနိရွာမှာ မြေတင်ကား ၂ စီး၊ ဆိုင်ကယ်အစီး ၂၀ ကျော် နဲ့ ရပ်ရွာနေလူထုရဲ့ လက်ဝတ်လက်စား အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေ အသိမ်းခံရပြီး ဝက်ချောင်းရွာမှာ ဥယျာဉ်ခြံအတွင်းက တဲ ၄ လုံး မီးရှို့ခံရကာ ဆိုင်ကယ် ၃ စီး အသိမ်းခံခဲ့ရကြောင်း ရေဖြူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။