
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နဲ့ မုံရွာမြို့သွား ကားလမ်းမပေါ်မှာ နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းဟာ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ စစ်ကား ၅ စီးနဲ့ လက်ပံတောင်း ကြေးနီချက်ရာမှာ အသုံးပြုမယ့် အက်စစ်တွဲကား ၄၃ စီးကို လုံခြုံရေး လိုက်ပေးရာမှာ အခုလို မိုင်းဆွဲခံရတာဖြစ်ပါတယ်။
ဒေသခံပြည်သူတယောက်က “သူတို့ စစ်ကိုင်းကနေထွက်လာပြီး အုန်းတောရွာကို ကျော်လာပြီးချိန်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲနေကြတာပဲ။ စစ်တပ် မန္တလေး-စစ်ကိုင်း-မုံရွာ လမ်းကို ဖြတ်သန်းသွားလာတိုင်း အခုလို မိုင်းဆွဲခံရတာ ပုံမှန်ပဲလေ။ အခုလည်း တလမ်းလုံး မိုင်းဆွဲခံရပြီး ကျနော်တို့ မုံရွေးရွာအနီးမှာ တကြိမ်၊ ခင်မွန်ရွာအနီးမှာ တကြိမ် ထပ်ပြီး မိုင်းဆွဲခံရတယ်။ ကားဘီးတွေ အကုန်ပေါက်ထွက်ပြီး ကားပျက်နေတာ မြင်ခဲ့ရတယ်။ ပျက်စီးနေတဲ့ စစ်ကားက ၂ စီးပါဗျ။ စစ်သားတွေကတော့ ထိခိုက်လား၊ မထိခိုက်ဘူးလားတော့ သေချာမမြင်ခဲ့ရဘူး။ အဲဒါက မနေ့ကဖြစ်စဉ်ပါဗျာ” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီကားတွေ မိုင်းဆွဲခံရပြီးနောက် ခင်မွန်ရွာတောင်ဘက်မှာရှိတဲ့ မြပုလဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ စစ်သားတွေက ခရီးသွားမှန်လုံကားပေါ် တက်လိုက်လာပြီး ခင်မွန်ရွာထိပ်အရောက်မှာ မှန်လုံကားပေါ်ကနေဆင်းပြီး လူနေရပ်ကွက်အတွင်း သေနတ်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “ကျနော်တို့ မုံရွေးအနီး မိုင်းဆွဲခံရပြီး စစ်တပ်က လမ်းဘေးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ကို မီးရှို့တယ်။ ခင်မွန်ရွာအနီး မိုင်းဆွဲခံရလို့ စစ်တပ်က ရပ်ကွက်အတွင်း သေနတ်နဲ့ပစ်ခတ်လို့ အရပ်သား ရပ်ကွက်နေ ပြည်သူတယောက်နဲ့ ဆူးလေကုန်းရပ်ကွက်က ပြည်သူတေယာက်တို့ ကျည်ထိမှန်ဒဏ်ရာ ရရှိထားတယ်လို့ ကနဦး သိထားရပါတယ်ဗျ။ ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ကတော့ စစ်ကောင်စီလှုပ်ရှားမှုကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ နိုဝင်ဘာ ၂၇ ရက်က မုံရွေးရွာနဲ့ ခင်မွန်ရွာကြားမှာရှိတဲ့ မုံရွာ-စစ်ကိုင်း-မန္တလေးသွား ကားလမ်းပေါ်မှာ လာသမျှ ခရီးသည်တင်ကားများ၊ ကုန်ကားများနဲ့ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေတောင်းရမ်းနေတယ်လို့လည်း သိရပါတယ်။
စစ်တပ်က အခုလို ပြုလုပ်နေတာေကြာင့် ယာဥ်တန်းတွေ ရပ်တန့်စောင့်ဆိုင်းရာက လမ်းကြောပိတ်ဆို့နေတယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။