DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် မြန်မာ့လက်ရွေးစင်ဟောင်း ခြင်းခတ်သမားအပါ တရားမဝင်မြန်မာ ၁၃ ဦး အဖမ်းခံရ
DVB
·
May 14, 2026
Photo: Kanchanaburi News
Photo: Kanchanaburi News
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်မှာ မြန်မာ့လက်ရွေးစင်ဟောင်း ပိုက်ကျော်ခြင်းခတ်သမား အပါအဝင် တရားမဝင် မြန်မာ ၁၃ ယောက် ဖမ်းဆီးခံရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ မေ ၁၂ ရက်က အဝေးပြေးလမ်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် ဘန်ကောက်အဝင် ဝမ်းနွဲ့မြို့နယ်ထဲမှာ မသင်္ကာဖွယ် ကားတစီး မောင်းဝင်လာတာ တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

အဆိုပါကားမှာ အနက်ရောင် အိတ်စ်ပန်ဒါ အိမ်စီးကားဖြစ်ပြီး  ပုံမှန်မဟုတ်တဲ့ အလေးချိန် စီးနေတဲ့အပြင် ကားမှန်ကို ဖလင်ပြားနက်ပိတ်ထားတာကြောင့် တာဝန်ရှိသူတွေက လဝကရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး  အနောက်ကနေ ကားနဲ့လိုက်လံဖမ်းဆီးခဲ့ပါတယ်။ 

တနေရာအရောက်မှာ လိုက်မီပြီး ရပ်တန့်စစ်ဆေးရာမှာတော့ ယာဉ်မောင်းမှာ မြန်မာနိုင်ငံသား  ဖြိုးမင်းဇော် (၃၃ နှစ်) ဖြစ်ပြီး ကျော်ဇင်လတ် (၃၁ နှစ်) က ဘေးကထိုင် လိုက်ပါလာကာ နှစ်ယောက်လုံး သက်သေအထောက်အထားအပြည့်အစုံရှိပေမဲ့ ကားနောက်ခန်းမှာတော့ မြန်မာအမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပေါင်း ၁၁ ယောက်တို့ ပြည့်ညှပ် စီးနင်းလိုက်ပါလာတဲ့အပြင် ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် အထောက်အထားတစုံတရာ မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာမှာ ယာဉ်မောင်းက သူတို့အားလုံးကို ဆလာပူရီခရိုင်မှာ သွားကြိုလာပြီး ဆမွတ်ပရကန်ခရိုင်ကို ပို့ပေးဖို့ အခကြေးငွေ ဘတ် ၁,၅၀၀ နဲ့ တင်ဆောင်လာတာ၊ ဒီမတိုင်ခင်ကလည်း လူသယ်တဲ့အလုပ်ကို အကြိမ်ကြိမ်လုပ်ခဲ့ဖူးတယ်လို့ ဖွင့်ဟဝန်ခံပါတယ်။ 

ဖမ်းဆီးခံရသူတွေကတော့ သူတို့ဟာ ရေလမ်းတောလမ်းအဆင့်ဆင့်ကနေ မဲဆောက်ဘက်ကို ဝင်ရောက်လာတယ်လို့ ဘာသာပြန်မှတဆင့် ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၁၅,၀၀၀ စီပေးရတယ်။ ပွဲစားနဲ့ ချိတ်ဆက်ပေးသူမှာ ကျော်ဇင်လတ် ဖြစ်ပြီး သူကိုယ်တိုင် လိုက်လံပို့ဆောင်လာတာလို့ ဆိုပါတယ်။ 

အဆိုပါ ကျော်ဇင်လတ်ဟာ တချိန်က မြန်မာပြည်မှာ နာမည်ကြီးခဲ့တဲ့ လက်ရွေးစင် ပိုက်ကျော်ခြင်းခတ်သမား မင်းသားကြီး ခေါ် ကျော်ဇင်လတ် ဖြစ်တယ်လို့လည်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကားပေါ်လိုက်ပါလာသူအားလုံး ပင်ပန်းနွမ်းနယ်နေတာကြောင့် ထိုင်းရဲက ထမင်းထုပ်နဲ့ သောက်ရေတွေ ဝေငှပေးပြီး လဝက ဥပဒေနဲ့ အရေးယူဖို့ ဝမ်းနွဲ့မြို့နယ်ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: CH8 TV News / Kanchanaburi News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013