တနင်္သာရီတိုင်း၊ ထားဝယ်-ရေး ကားလမ်းမပေါ် ကလိန်အောင်မြို့နယ် နှမ်းကျဲကျေးရွာနဲ့ ရေဖြူမြို့နယ် သက်ကယ်ကွယ်ကျေးရွာအကြား မိုင်တိုင်၂၈/၂၉ မှာ ကလိန်အောင်မြို့ဘက်ကနေ ထားဝယ်မြို့နယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်းတခုရဲ့ ကား ၄ စီးပါ ယာဉ်တန်းမှာပါဝင်တဲ့ ကားတစီး ဇူလိုင် ၂၉ ရက် မနက် ၇ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်အဆင့်ရှိ စစ်ကောင်စီအရာရှိတဦးနဲ့ တပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရပြီး အခုမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ မဟာမိတ်တွေက ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတဦးက “အနီးအနားကတော့ ရမ်းသန်းပစ်ခတ်တာမျိုး လုပ်တယ်။ အခု လမ်းပေါ်မှာလည်း စစ်တပ်က လုံခြုံရေးယူနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထားဝယ်-ရေး ကားလမ်းပေါ်က ကလိန်အောင်လမ်းဆုံနဲ့ နှမ်းကျဲ၊ ရှင်ထဘီနဲ့ ဖားချောင်းကျေးရွာချင်းဆက် ထွက်ပေါက်ဖြစ်တဲ့ တောင်ရင်းအင်း လမ်းဆုံတွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူ ပိတ်ဆို့စစ်ဆေးနေတယ်လို့ လမ်းသွားလမ်းလာတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတော့ ထားဝယ်-ရေး ကားလမ်းမပေါ်မှာရှိတဲ့ ဟိန္ဇဲ၊ ရေပုံး၊ နှမ်းကျဲ၊ ကျောက်ရှပ်နဲ့ သက်ကယ်ကွယ်ရွာတွေက ဥယျာဉ်တွေကို ခြုံရှင်းပေးဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကတဆင့် စာနဲ့ညွှန်ကြားတာမျိုး ရှိခဲ့ပါတယ်။
ထားဝယ်-ရေး ကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေဟာ အခုနှစ်အတွင်း ၄ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။