DVB Logo
Home
Lead Story
စစ်ပြင်နေသော ရှမ်းပြည်
DVB
·
July 29, 2022
စစ်ပြင်နေသော ရှမ်းပြည်
Donate to DVB

ယခုရက်ပိုင်း စစ်ပြင်နေသောသတင်း အတက်များနေသည်က ရှမ်း‌မြောက်နှင့် ရှမ်းတောင်အစပ်ဟု ဆိုရမည့် တန့်ယန်းနှင့် မိုင်းရှူးဒေသ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လမှစ၍ မိုင်းရှူးဒေသမှ SSPP စခန်း ၃ ခုအား ဖယ်ခိုင်းရာမှ စတင်သည်။ ပထမအကြိမ် ဇွန်လ ၉ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန်၊ ဒုတိယအကြိမ် ဇွန်လ ၃၀ ရက်ထား ဖယ်ရှားရန် ရာဇသံပေးခဲ့သော်လည်း SSPP က ဖယ်ရှားမည်မဟုတ်ဟု အကြောင်းပြန်သည်ကို တွေ့ရသည်။ တဖန် ဇူလိုင် ၁၄ ရက်တွင် မိုင်းနောင်တွင် ထပ်မံတွေ့ဆုံပြီး ၇ ရက်အတွင်း အကြောင်းပြန်ကြားရန် သတ်မှတ်ခဲ့သည်။ သို့သော် သတ်မှတ်ရက်ရောက်သော်လည်း SSPP က မဖယ်ရှားနိုင်ဟု အကြောင်းပြန်သည်။ သို့ဖြစ်ရာ ဇူလိုင်လ ၂၂ ရက်ခန့်တွင် မိုင်းရှူးတွင် ထပ်မံတွေ့ဆုံခဲ့သည်ဟု ကြားသိရပြီး ရလဒ်ကတော့ ပြောင်းလဲခြင်းမရှိပေ။ သို့ဖြစ်ရာ မိုင်းရှူး၊ တန့်ယန်းဒေသတွင် မြန်မာစစ်ဘက်မှ စစ်အင်အားဖြည့်တင်းခြင်း၊ သံချပ်ကားများ ရောက်ရှိခြင်း၊ လေကြောင်းကင်းထောက်မှုများ ပြုလုပ်သည့်သတင်းများ ကြားရသကဲ့သို့ SSPP နှင့် မဟာမိတ်များဘက်ကလည်း စစ်အင်အားဖြည့်တင်းခြင်း၊ လူထုအား လေကြောင်းရန် ကာကွယ်ရေး သတိပေးချက်များ ထုတ်ပြန်ခြင်း၊ တနေရာတွင် သေနတ်သံမြည်ပါက နေရာအနှံ့တွင် သေနတ်သံမြည်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်သည်ကို တွေ့ရသည်။

တကယ်တော့ SSPP စစ်စခန်းများ ဆုတ်ခိုင်းခြင်းသည် ၂၀၂၂ မတ်လကုန်မှ စတင်သည်။ SSPP မဟာမိတ်များနှင့် RCSS တို့ စစ်ရေးပဋိပက္ခအပြီး ပင်လုံ-ဆနင်းတောင်၊ မိုင်းကိုင်-ဆင်တောင်၊ ကျေးသီး-လွယ်ဟွေးတောင်တို့ရှိ SSPP နှင့် မဟာမိတ်များ ထိန်းချုပ်ထားသည့် စခန်းများအား ဆုတ်ခွာရန် သတိပေးသည်မှ စတင်သည်။ နောက်ပိုင်းတွင် မိုင်းရှူးမြောက်ဘက်ရှိ စခန်း ၃ ခုကို အဓိကထား ဆုတ်ခွာခိုင်းလာသည်ကို တွေ့ရသည်။ ထိုစခန်းများမှ SSPP မဆုတ်ခွာသဖြင့် နေပြည်တော်တွေ့ဆုံပွဲပင် နောက်ရွှေ့သွားသည်ကို တွေ့ရသည်ကို။

မိုင်းရှူးမြောက်ဘက် လွယ်နိုင်းအနီး စခန်းသုံးခု အဘယ်ကြောင့်အရေးပါသည်ကို ဆန်းစစ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။ ထိုစခန်းများသည် မိုင်းရှူးမြောက်ဘက် လွယ်နိုင်းနှင့် လွယ်နိုင်းအရှေ့ဘက် သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ လွယ်ကျေးတောင်ကြောတဝိုက်ရှိ စခန်းများ ဖြစ်သည်။ သံလွင်မြစ်ကူး ကူးတို့တခုဖြစ်သည့် တာဆွတ်နန်အား ထိန်းချုပ်ထားသည့်စခန်းများ ဖြစ်သည်။ တာဆွတ်နန်ကူးတို့မှ သံလွင်မြစ် အရှေ့ဘက်ကမ်းသို့ ကူးပါက UWSA ထိန်းချုပ်နယ်မြေ ပန်ယန်းသို့ ရောက်ရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ ယခု ဖယ်ရှားခိုင်းသော SSPP စခန်း ၃ ခုသည် UWSA ထိန်းချုပ်ဒေသနှင့် SSPP ထိန်းချုပ်ဒေသကြား အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သဖြင့် နှစ်ဖက် အသည်းအသန် ရင်ဆိုင်နေခြင်း ဖြစ်သည်။

UWSA ထိန်းချုပ်ရာဒေသသို့ ပုံမှန်သွားသည့် ဆက်သွယ်ရေးလမ်းကြောင်းမှာ တန့်ယန်းအရှေ့ဘက် သံလွင်မြစ်အား တာကော်အက်တံတားမှဖြတ်၍ မန်မန်းဆိုင်၊ ဝိန်းကောင်၊ နောင်ခေတ်တို့အားဖြတ်၍ ပန်ဆန်းသို့သွားသည့် ကားလမ်းဖြစ်သည်။ တန့်ယန်း၊ တာကော်အက်တံတားတို့အား မြန်မာစစ်ဘက်မှ ချုပ်ကိုင်ထားပြီး မန်မန်းဆိုင်တွင် မြန်မာစစ်ဘက်နှင့် UWSA တပ်ဖွဲ့များ ရင်ဆိုင်ထားသည်။ သို့ဖြစ်ရာ SSPP နှင့် UWSA  တပ်ဖွဲ့များ လိုသလိုသွား၍မရပေ။ သို့ဖြစ်ရာ တာဆွတ်နန်ကူးတို့သည်လည်းကောင်း၊ ထိုကူးတို့ဆိပ်အား ထိန်းသိမ်းထားသည့် စခန်းများသည်လည်းကောင်း SSPP အတွက်ရော သူ၏မဟာမိတ် UWSA အတွက်ရော အရေးပါနေသည်။ ၂၀၂၁ မေလကုန်မှာ RCSS အား တိုက်ခိုက်ရာတွင် UWSA တပ်ဖွဲ့များသည် SSPP တပ်ဖွဲ့များအား ပါဝင်ကူညီ တိုက်ခိုက်ပေးသည်ဟု မြေပြင်သတင်းအရ သိရရာ ထို UWSA တပ်ဖွဲ့များ၏ ထောက်ပို့အတွက်လည်း ထိုလမ်းကြောင်းသည် အရေးပါနေသည်။ အလားတူ SSPP အတွက်လည်း အရေးပါသော ထောက်ပို့လမ်းကြောင်းဖြစ်သည်။ ရှမ်းတောင်ရှိ SSPP နှင့် မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှုများအတွက် အသက်သွေးကြောလည်း ဖြစ်နေသည်။

သို့သော် မိုင်းရှူးတနေရာတည်း စစ်ပြင်နေသည်တော့ မဟုတ်ပေ။ တန့်ယန်းတွင်လည်း စစ်ပြင်နေသည်ဟု သိရသည်။ တန့်ယန်းအရှေ့ဘက် မန်မန်းဆိုင်ဒေသတွင်လည်း UWSA တပ်များ ထောင်ချီ၍ စစ်ပြင်နေသည်ဟု သတင်းများပေါ်ထွက်နေရာ တိုက်ပွဲဖြစ်ပွားပါက မိုင်းရှူးမြောက်ဘက်တွင်သာမက တန့်ယန်းဘက်သို့ပါ စစ်မျက်နှာ ဖွင့်လာနိုင်သည်ကို တွေ့ရသည်။ ထို့ပြင် သံလွင်အရှေ့ခြမ်း ပန်ယန်းတောင်ဘက် မော်ဖာဒေသသည် မြန်မာစစ်ဘက် ထိန်းချုပ်‌သည့်ဒေသဖြစ်ရာ ထိုဘက်တွင်လည်း စစ်မျက်နှာတခု ပေါ်လာမည်လော စိတ်ဝင်စားဖွယ်ဖြစ်သည်။ စစ်ပွဲဖြစ်ပွားလျှင် မိုင်းရှူးတနေရာတည်းထက် ဆက်စပ်နေရာများတွင် ဖြစ်ပွားနိုင်သည်ဟု နှစ်ဖက်လုံးက တွက်ချက်ပြင်ဆင်နေပုံရသည်။ မိုင်းရှူး၊ တန့်ယန်း၊ မော်ဖာဒေသတို့သည် မတူသည့် စစ်တိုင်းဌာနချုပ်သုံးခုတွင် ပါဝင်နေခြင်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းတောင်တခွင်လုံးသာမက ရှမ်းအရှေ့ပါ စစ်မီးကူးစက်သွားနိုင်မည်လော ဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ မိုင်းရှူးမြို့နယ်တွင်းရှိ စခန်း ၃ ခု၏ ‌အချက်အချာကျမှုက စစ်ပွဲအတွက် အရေးပါသည်။ နောက်ဆက်တွဲ သက်ရောက်မှုများစွာလည်း ရှိနိုင်‌ပေရာ ထိုအချက်အချာကျမှုက ညှိနှိုင်းဖြေရှင်းရန် ခက်ခဲသကဲ့သို့ သက်ရောက်မှုလည်းကြီးသည်။ ဆက်စပ်မှုလည်းများသည်။ ထို့ပြင် ရှမ်းပြည်စစ်ပွဲကို ပြန်လည်စတင်စေတော့မည်လော ဆိုသည်က စိတ်ဝင်စားဖွယ် ဖြစ်တော့သည်။ ပြည်တွင်းစစ်နှင့်အတူ ပေါက်ဖွားလာသော မြန်မာပြည်ကြီးသည် စစ်နှင့်ပတ်သက်၍ အသားကျ ယဉ်ပါးနေပုံရပေသည်။

မောင်မောင်စိုး

(ဆရာမောင်မောင်စိုး ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားသည့်ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013