DVB Logo
Home
Lead Story
တရုတ်တို့ မြန်မာ့အရေး ချဉ်းကပ်ပုံအား သုံးသပ်ခြင်း
DVB
·
March 3, 2022
တရုတ်တို့ မြန်မာ့အရေး ချဉ်းကပ်ပုံအား သုံးသပ်ခြင်း
Donate to DVB

ပထမအချက်

တရုတ်တို့သည် မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရန်လိုလားသည် သို့မဟုတ် အာဏာရှင် စနစ်လိုလားသည်ဆိုသည့် ကောက်ချက်အနက် တခုခုကိုသာ ကောက်ချက်ချရမည်ဆိုပါက တရုတ် ၏ မြန်မာပြည်နှင့်ပတ်သက်သည့် သဘောထားကို ပြည့်စုံစွာဖော်ပြ၍မရနိုင်ပါ။

ယခုအချိန်တွင် တရုတ်သည် ၎င်းနှင့် ဆက်ဆံသည့် မြန်မာပြည်ဖြစ်စေ၊ အခြားနိုင်ငံများတွင်ဖြစ်စေ မည်သည့်စနစ် ကျင့်သုံးသည်ဆိုသည်ကို သူ အလေးမထားပါ။ သူ အလေးထားသည်မှာ မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ တည်ငြိမ်သောအစိုးရနှင့် နိုင်ငံဖြစ်ရန်သာ လိုလားသည်။ လက်ရှိကာလ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်နေသော တရုတ်အဖို့ တိုင်းပြည်ကို တည်ငြိမ်အောင်အုပ်ချုပ်နိုင်သော အစိုးရများနှင့်သာ သူ၏ မဟာဗျူဟာ အောင်မြင်မည် ဖြစ်သည်။ 

သို့ဖြစ်ရာ မြန်မာပြည်တွင် အာဏာရှင်စနစ် ကျင့်သုံးသည်ဖြစ်စေ၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည်ဖြစ်စေ တရုတ်အတွက် အရေးမကြီးပေ။ တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်သော အစိုးရမျိုးသာ တရုတ်တို့ လိုလားသည်ဟု ဆိုရမည်။

တရုတ်နှင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားလာပါက တရုတ်အား ရိုက်ခတ်နိုင်သဖြင့် တရုတ်တို့ မလိုလားဟု အချို့က ယူဆကြသည်။ တကယ်တော့ မြန်မာပြည်တွင် မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြန်မာပြည်အား တရုတ်ပြည်သူများ အားကျလိမ့်မည် မဟုတ်ပါ။ ထို့ပြင် တရုတ်နှင့် အိမ်နီးချင်း အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ရပ်တည်နေသည်မှာ နှစ် ၇၀ ကျော်ကြာပြီဖြစ်ရာ မြန်မာပြည်တွင် ဒီမိုကရေစီကရေစီစနစ် ထွန်းကားခြင်းဆိုသည်မှာ တရုတ်တို့အတွက် ကိစ္စသေးတခုမျှသာ ဖြစ်သည်။

ဒုတိယအချက်

တရုတ်နှင့်ပတ်သက်၍ အများကြည့်မြင်ကြသော အကြောင်းအရာတခုမှာ တရုတ်တို့သည် မြန်မာပြည်အရေးအား ချဉ်းကပ်ရာတွင် မြန်မာလူထုနှင့် ဆက်ဆံမှုကို အလေးထားသလော သို့မဟုတ် အာဏာရှိ အစိုးရနှင့် ဆက်ဆံမှုကို အလေးထားသလောဆိုသည့် အကြောင်းအရာ ဖြစ်သည်။

လက်တွေ့ မြန်မာပြည်အ‌ရေးနှင့်ပတ်သက်၍ တရုတ်တို့ ချဉ်းကပ်ဆက်ဆံလာသည်မှာ မြန်မာပြည်ရှိ key player များဟု ဆိုရမည့် မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နယ်ပယ်များရှိ အဆုံးအဖြတ်ပေးနိုင်သည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းကို တလျှောက်လုံး လုပ်ဆောင်လာသည်ဟု ဆိုရမည်။

တရုတ်တို့သည် အစိုးရနှင့်သာ ဆက်ဆံ၍ လူထုနှင့် မဆက်ဆံ၊ သို့မဟုတ် လူထုနှင့်သာ ဆက်ဆံ၍ အစိုးရအား မဆက်ဆံဆိုသည့် အခြေအနေမျိုး မရှိပေ။ မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တွင် သော့ချက်ကျသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းသည် တရုတ်တို့ ကျင့်သုံးသည့်ပေါ်လစီ ဖြစ်သည်။

တတိယအချက်

မြန်မာပြည်နှင့်ပတ်သက်၍ ချဉ်းကပ်ရာတွင် တရုတ်နှင့် အမေရိကန်အပါအဝင် အနောက်တိုင်းတို့ ချဉ်းကပ်ပုံ တူညီချက်မှာ—

၁။ ၎င်းတို့၏ မဟာဗျူဟာအရ ချဉ်းကပ်ကြည့်မြင်ခြင်း ဖြစ်သည်။ (သို့ဖြစ်ရာ မဟာဗျူဟာအရ အရေးပါသော အခြားကိစ္စများ ရှေ့ရောက်ပါက မြန်မာကိစ္စသည် နောက်ရောက်သွားလေ့ရှိသည်။)

၂။ ၎င်းတို့အကျိုး၏ စီးပွားရေးအခြေခံပေါ်မှ ကြည့်မြင်ခြင်း ဖြစ်သည်။

 ၎င်းတို့ မြန်မာ့အရေးချဉ်းကပ်ပုံ မတူညီချက်မှာ—

အမေရိကန်နှင့် အနောက်တိုင်းက—

၁။ ကြေညာချက်အများအပြား ထုတ်ပြန်လေ့ရှိကြသည်။ သို့သော် လက်တွေ့လုပ်ဆောင်မှု အားနည်းသည်။

၂။ ၎င်းတို့၏ စံတန်ဖိုးများ၊ ပေတံများဖြင့် မြန်မာပြည်ပြဿနာကို တိုင်းထွာသုံးသပ်လေ့ ရှိကြသည်။ (ဤသို့ ချဉ်းကပ်မှုအား အချို့က ပြည်သူဘက်က ရပ်တည်သည်ဟု ရှုမြင်လေ့ရှိကြသည်။)

တရုတ်တို့က—

၁။ ကြေညာချက်ထုတ်ပြန်လေ့ မရှိ။ လက်တွေ့လုပ်ဆောင်စရာရှိသည်ကို ခပ်သွက်သွက် လုပ်ဆောင်လေ့ရှိသည်။

၂။ တရုတ်တို့က မြန်မာ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တို့မှ သော့ချက်ကျသူများနှင့် ထိ‌တွေ့ဆက်ဆံပြီး ချဉ်းကပ်လေ့ရှိသည်။ စံတန်ဖိုးများ၊ ပေတံများ သုံးလေ့မရှိကြ။ လက်တွေ့အကျိုးမျှော်ဝါဒီများ pragmatist များ ဖြစ်ကြသည်။ 

နိဂုံး

လက်တွေ့ မြန်မာ့အရေးချဉ်းကပ်ရာတွင် ကုလသမဂ္ဂ၌ အမေရိကန်နှင့် ညှိနှိုင်းခြင်း၌ ဖြစ်စေ၊ အာဆီယံအား ရှေ့တင်ပြီး အာဆီယံမှတဆင့် အဖြေရှာရန် ကြိုးပမ်းရာ၌ဖြစ်စေ တရုတ်က ရှေ့ရောက်နေသည်ဟု သုံးသပ်ရပါသည်။

မောင်မောင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013