DVB Logo
Home
Lead Story
စစ်ဝါဒ သို့မဟုတ် ရုပ်ကြမ်းဝါဒ
DVB
·
March 1, 2022
စစ်ဝါဒ သို့မဟုတ် ရုပ်ကြမ်းဝါဒ
Donate to DVB

ပြီးခဲ့သောစစ်ပွဲများတွင် စစ်ပွဲဆင်နွှဲသူ အင်အားကြီးနိုင်ငံများသည် သူတို့၏ စစ်လက်နက် အင်အားနှင့် မြင့်မားသည့် နည်းပညာများပေါ်တွင်သာ ဦးစားပေးတွက်ချက်လေ့ရှိသည်။ သူတို့နှင့် ရင်ဆိုင်ရမည့် နိုင်ငံနှင့် ထိုနိုင်ငံအား ကူညီမည့် အင်အားကြီးနိုင်ငံများ၏ စစ်လက်နက်စွမ်းပကားနှင့် တုံ့ပြန်နိုင်စွမ်းကိုသာ ထည့်သွင်းတွက်ချက်လေ့ရှိသည်။

ပြောရလျှင် သူတို့သည် ရုပ်ဝတ္ထုစွမ်းပကားပေါ်တွင်သာ အမှီပြုတွက်ချက်လေ့ရှိသည်။ သူတို့ တိုက်ခိုက်မည့် တိုင်းပြည်ရှိလူထု၏ စိတ်ဓာတ်အင်အားကို ထည့်သွင်းတွက်ချက်ရန် အစဉ်အမြဲ ပျက်ကွက်နေလေ့ရှိသည်။ သို့မဟုတ် လျှော့တွက်လေ့ရှိကြသည်။ ဤအမှား ကျူးလွန်ရာတွင် စစ်လက်နက်နှင့် နည်းပညာအင်အားကြီးသည်ဟု သတ်မှတ်ခံရသည့် အမေရိကန်ဖြစ်စေ၊ ရုရှားဖြစ်စေ အတူတူသာ ဖြစ်သည်။ 

လက်ရှိ ယူကရိန်းစစ်ပွဲတွင် ရုရှား၏ အကြောင်းပြချက်သည် လက်ခံနိုင်ဖွယ်မရှိဟု ဆိုနိုင်သည်။ ရုရှားသာမက အမေရိကန်တို့၏ အီရတ်စစ်ပွဲအတွက် အကြောင်းပြချက်သည်လည်း မခိုင်လုံခဲ့ပါ။ အီရတ်တနိုင်ငံအားလုံးအား မွှေနှောက်ရှာဖွေခဲ့သော်လည်း ဖျက်အားပြင်းလက်နက်ဆိုသည်များကို ရှာမတွေ့ခဲ့ကြပေ။ သူတို့အတွက် အကြောင်းပြချက်ထက် ပြဿနာကို စစ်အင်အားသုံး၍ အနိုင်ယူဖြေရှင်းရန်လိုသည်ဟူသည့် စဉ်းစားချက်က အဓိကဖြစ်နေခဲ့သည်။ 

စစ်ပွဲများကို စတင်ခဲ့သည့် အမေရိကန်၊ ရုရှား စသည့် အင်အားကြီးနိုင်ငံများအတွက် ပြဿနာကို စစ်အင်အားသုံး၍ ဖြေရှင်းရာတွင် စစ်ပွဲကို အနိုင်ရနိုင်သည့် ရုပ်ဝတ္ထုအကြောင်းအချက်များ အပေါ်တွင် ပိုအလေးထားကြသည်။

အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတို့တွင် တွေ့ရသကဲ့သို့ ယူကရိန်းစစ်ပွဲတွင်လည်း ယူကရိန်း၏ မြို့ကြီးပြကြီးများအပါ အချက်အချာနေရာများ၊ အဓိကဆက်သွယ်ရေးလမ်းကြောင်းများအား အချိန်တိုအတွင်း ရုရှားစစ်တပ်က ထိန်းချုပ်နိုင်သည်ကို တွေ့ရပေဦးမည်။ သို့သော် ဤသို့ ထိန်းချုပ်နိုင်ခြင်းသည် ယူကရိန်းစစ်ပွဲ၏ အဆုံးမဟုတ်ပေ။ ယူကရိန်းစစ်ပွဲ၏ အစမျှသာ ဖြစ်ပေလိမ့်မည်။ ဤအချက်အား အီရတ်တွင် လည်းကောင်း၊ အာဖဂန်တွင် လည်းကောင်း တွေ့ခဲ့ရပြီ ဖြစ်သည်။ 

လက်တွေ့တွင် သူတို့၏ သာလွန်သော စစ်လက်နက်အင်အားနှင့် မြင့်မားသော စစ်လက်နက် နည်းပညာများသည် မြို့ကြီးပြကြီးများ၊ စစ်ရေး၊ စီးပွားရေးအချက်အချာ နေရာများ၊ အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများအား ထိန်းချုပ်နိုင်သော်လည်း ထိုတိုင်းပြည်ရှိလူထုအား ထိန်းချုပ်ရန် မစွမ်းဆောင်နိုင်ပေ။ 

လက်တွေ့တွင် ရုပ်ဝတ္ထုသည်သာ အင်အားမဟုတ်ပေ၊ လူထု၏ ပြင်းပြသည့် စိတ်ဓာတ်သည်လည်း အင်အားတရပ် ခွန်အားတရပ် ဖြစ်ပေသည်။ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာသာလွန်မှုကသာ အဆုံးအဖြတ်ပေးသည် ဆိုပါက ရုရှားသည် လည်းကောင်း၊ အမေရိကန်သည် လည်းကောင်း အာဖဂန်နစ်စတန်မှ ဆုတ်ခွာကြရမည် မဟုတ်ပေ။ ရုရှားနှင့် အမေရိကန်ကြားတွင် မည်မျှ မတူညီမှုများ ရှိသည်ဖြစ်စေ၊ အာဖဂန်နစ္စတန်ပြဿနာကို ချဉ်းကပ်ပုံ မည်မျှကွာသည်ဖြစ်စေ၊ အာဖဂန်အား အင်အားသုံးတိုက်ခိုက်ခြင်းနှင့် အာဖဂန်မှ  အဆုံးသတ် မလှမပနှင့် ဆုတ်ခွာရခြင်းက အတူတူ ဖြစ်သည်။ သူတို့သည် သာလွန်သောစစ်အင်အားနှင့် အာဖဂန်၏ အချက်အချာနေရာများကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့ကြသော်လည်း သူတို့ ထင်သကဲ့သို့ စစ်ပွဲသည် ပြီးဆုံးမသွားဘဲ ထိုအချိန်ကျမှ တကယ့်စစ်ပွဲ စတင်သောကြောင့် ဖြစ်သည်။ 

ကွန်မြူနစ်များအား ရုပ်ဝါဒီများအဖြစ် စွပ်စွဲလေ့ရှိကြသည်။ လက်တွေ့တွင် ကွန်မြူနစ် ဆိုသူများထက် များစွာ ဆိုးဝါးသော စစ်ဝါဒီများ၊ ရုပ်ကြမ်းဝါဒီများ တွေ့နေရသည်။ ထိုသူများသည် စစ်ပွဲများကို ပြင်ဆင်ရာတွင် လည်းကောင်း၊ ဆင်နွှဲရာတွင် လူထု၏ စိတ်ဓာတ်ခွန်အားကို ထည့်သွင်းတွက်ချက်ရာတွင် လျှော့၍တွက်ကြသည်။ သို့မဟုတ် အလေးထားတွက်ချက်လေ့ မရှိကြပေ။

၎င်းတို့အား ထောက်ခံသူ၊ သို့မဟုတ် ၎င်းတို့စကား နားထောင်သူများအား လူထုအား ကိုယ်စားပြုသည်ဟု လွဲမှားစွာ မှတ်ယူထားကြသည်။ ၎င်းတို့သည် ဓနအင်အား၊ စစ်အင်အား၊ စစ်လက်နက်အင်အား၊ နည်းပညာအင်အားများပေါ်တွင်သာ အမှီပြုသည့် လက်တွေ့တွင် ရုပ်ကြမ်းဝါဒီများ ဖြစ်နေကြသည်။ ချို (ဂျို)ရှိသူက ချို(ဂျို) အားကိုးပြီး ခွာရှိသူက ခွာ အားကိုးသည့် တောရိုင်းဥပဒေသကို ကျင့်သုံးနေကြသည်။ 

အာဖဂန်နစ္စတန် ဥပမာအရ အာဖဂန်နစ္စတန်မှ မရှုမလှ ဆုတ်ခွာခဲ့ကြရသော ရုရှားသည် လည်းကောင်း၊ အမေရိကန်သည် လည်းကောင်း ထိုတိုင်းပြည်ရှိ လူထု၏ စိတ်ဓာတ်ခွန်အားကို တွက်ချက်ရာတွင် အရှုံးသမားများဖြစ်ခဲ့သည်။ ၎င်းသည် စစ်ဝါဒ၏အရှုံး ဖြစ်သည်။ ရုပ်ကြမ်းဝါဒ၏ အရှုံးလည်း ဖြစ်သည်။ 

မောင်မောင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013