ဂျပန်နိုင်ငံဟာ စစ်ဝါဒသစ် ပုံဖော်နေတယ်ဆိုတဲ့ တရုတ်ရဲ့ စွပ်စွဲချက်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးက ပယ်ချလိုက်ပြီး တရုတ်ကသာ စစ်ရေးတိုးချဲ့မှုတွေ လုပ်နေပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ တုံ့ပြန် စွပ်စွဲလိုက်ပါတယ်။
မေ ၃၁ ရက်က စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ရှန်ဂရီလာဆွေးနွေးပွဲမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက တုံ့ပြန်ပြောဆိုခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုဟာ ဝန်ကြီးချုပ်ဟောင်း ဂျူနီချီယို ကိုအိဇုမိရဲ့ သားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်ရဲ့ စစ်ဝါဒသစ် အသက်သွင်းလာမဲ့ အန္တရာယ်ကို သတိထားဖို့ အာရှ-ပစိဖိတ် နိုင်ငံတွေကို သတိပေးခဲ့ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးကတော့ ဒေသတွင်းစိန်ခေါ်မှုတွေနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတိုင်းက ကာကွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်တာ သဘာဝကျပြီး ဂျပန်အနေနဲ့လည်း ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံမှာ ကြီးမားတဲ့ နျူကလီးယားလက်နက်တွေနဲ့ ဗုံးကြဲလေယာဉ်တွေ ရှိနေပေမဲ့ ဘာလက်နက်မှမရှိတဲ့ ဂျပန်ကို စစ်ဝါဒသစ်လို့ စွပ်စွဲနေတာဟာ အင်မတန်ထူးဆန်းနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်ခဲ့တဲ့ နိုင်ငံတွေကို တောင်းပန်ဖို့ တရုတ်ကိုယ်စားလှယ်ရဲ့ မေးမြန်းမှုကို ဂျပန်ဝန်ကြီးက တိုက်ရိုက်မဖြေဆိုခဲ့ပေမဲ့ တရုတ်ရဲ့ စစ်ရေးတိုးချဲ့မှုတွေဟာ နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြန်လည် ထိုးနှက်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် တာကာအိချိ အစိုးရလက်ထက်မှာ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ၁၂ နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်လာပြီး ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းအထိ သုံးစွဲဖို့ ရည်မှန်းထားပါတယ်။
ဒါပေမဲ့ ဂျပန်အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေကြောင့် ဂျပန်နိုင်ငံအတွင်းမှာလည်း စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် ဂျပန်က တုံ့ပြန်မယ်လို့ ဝန်ကြီးချုပ် တာကာအီချီ ပြောဆိုခဲ့အပြီးမှာ နှစ်နိုင်ငံဆက်ဆံရေးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။










