DVB Logo
Home
မြန်မာသတင်း
လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ခေါင်းဆောင်သစ်များ ပြန်လည်ရွေးချယ်
DVB
·
July 28, 2022
လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ခေါင်းဆောင်သစ်များ ပြန်လည်ရွေးချယ်
Donate to DVB

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ရဲ့ ဥက္ကဋ္ဌသစ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်အသစ်တွေကို  ပြန်လည်ရွေးချယ်လိုက်ကြောင်း ဒီကနေ့ ဇူလိုင် ၂၈ ရက်မှာ  LDU က ထုတ်ပြန်ကြေညာပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က  ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရေး မတက်ရောက်ရေး ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲခဲ့ပြီးနောက်  ဥက္ကဋ္ဌသစ်နဲ့ ဗဟိုကော်မီတီသစ်ကို အခုလို ကြေညာလာတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို LDU ဥက္ကဋ္ဌ ကျာခွန်ဆာနဲ့ ဒု-ဥက္ကဋ္ဌ ကျားဟားတို့ မတက်ရောက်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ အထွေထွေအတွင်းရေးမှူး ကျာဆောလမွန်က အလုပ်အမှုဆောင်တချို့နဲ့ဆွေးနွေးပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ နေပြည်တော်မှာ ဇူလိုင်လ ၇ ရက်နေ့က  သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အခုလိုစစ်ကောင်စီနဲ့ဆွေးနွေးပြီးနောက်မှာတော့ ဗဟိုကော်မီတီအစည်းအဝေးကို ဇူလိုင် ၂၇ - ၂၈ နှစ်ရက်တာပြုလုပ်ခဲ့ပြီး ကျာဆော်လမွန်ကို  ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး  ကျာဖူးက ဒုဥက္ကဋ္ဌ နဲ့  ဗဟိုကော်မီတီဝင် ၉ ဦးကို ရွေးချယ်တင်မြောက်ကြောင်း ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၇- ၂၈ ရက်နေ့မှာ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် ညီလာခံမှာ ကော်မီတီဝင် ၄၅ ဦးတက်ရောက်ခဲ့ပြီး ဒီမိုကရေစီစနစ်အရ ဆန္ဒမဲနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီသစ်ကို ရွေးချယ်တင်မြောက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထွေထွေအတွင်းရေးမှူးသစ် ကျာယာကုတ် “ကျနော်တို့က ဖွဲ့စည်းပုံရှိပြီးသား၊ ဖွဲ့စည်းပုံအတိုင်းပဲ ကျနော်တို့က ရွေးချယ်တင်မြှောက်ပွဲ လုပ်သွားတာဖြစ်တယ်။ ဖွဲ့စည်းပုံထဲမှာ ၄ နှစ်တကြိမ် ရွေးချယ်တင်မြှောက်ဖို့အတွက် ရွေးကောက်ပွဲ ကျင်းပရမယ်ဆိုတဲ့ ဖွဲ့အစည်းပုံ ရှိတဲ့အတွက်ကြောင့် အဲဒီအတိုင်းပဲ ကျနော်တို့ ကျင်းပရခြင်းဖြစ်တယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကော်မီတီဝင်အသစ်ရွေးကောက်တင်မြှောက်ပွဲကို Zoom ကနေအွန်လိုင်း  ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး ခေါင်းဆောင်သစ်ရွေးချယ်ပွဲမှာတော့ အရင် ဥက္ကဋ္ဌဟောင်း ကျာခွန်ဆာနဲ့ ကျာဟားတို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူတို့က ပါဝင်တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

အခုရွေးချယ်လိုက်တဲ့ LDU  ခေါင်းဆောင်သစ်တွေရှေ့ဆက်လုပ်ဆောင်မယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ကျာယာကုတ်က  “ ကျနော်တို့က လားဟူတမျိုးသားလုံးအတွက် ပထမ လုပ်ဆောင်ရမှာသည် ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲကို များများလုပ်ပေးပြီးတော့ ကိုယ့်တိုင်းရင်းသားအတွင်းမှာ စည်းစည်းလုံးလုံးဖြစ်ဖို့အတွက် ကျနော်တို့ နံပါတ် ၁ အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ ကျနော်တို့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိတယ်။ နံပါတ် ၃ အနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းပြီးလုပ်ဆောင်နေတယ်။ ” ပြောပါတယ်။

လာမယ့် ဇူလိုင်  ၃၀ ရက်နေ့ကျရင် ဂျပန်နိပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ပေးတဲ့ ရိက္ခာ ဆန် အိတ် ၁၀၀၀ ကို မိုင်းရောင်းမြို့နယ်နဲ့ တာချီလိတ်မြို့နယ်မှာဖြန့်ဝေပေးဖို့  စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး  PPST အဖွဲ့ဝင်ဖြစ်တာနဲ့အညီ PPST က ချမှတ်တဲ့ မူအတိုင်း လုပ်ဆောင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားနေတဲ့ သဘောထားရှိကြောင်း ပြောပါတယ်။

“ကျနော်တို့ LDU ရဲ့ လက်ရှိ ရပ်တည်နေတဲ့ သဘောထားကျတော့ ကြားနေဆိုပြီး ရပ်တည်ထားတဲ့ အတွက်ကြောင့် ကျနော်တို့က ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် နစကပဲ ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ရင်လည်း ကျနော်တို့ဆွေးနွေးဖို့ အစီအစဉ် ရှိသလို အန်ယူဂျီ ဘက်ကလည်း ဆွေးနွေးဖို့ ကမ်းလှမ်းလာရင်တော့ ဆွေးနွေးဖို့ အစီစဉ်ရှိပါတယ်။”

လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နဲ့ လားဟူအမျိုးသားအဖွဲ့ချုပ်  LNO တို့  ပူးပေါင်းပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဆိုပြီး ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ပါတယ်။  

LDU အဖွဲ့ဟာ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ မှာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး လားဟူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရတဲ့အထိ ကြိုးပမ်းလုပ်ဆောင်မယ်လို့ အထွေထွေအတွင်းရေးမှူး ကျာယာကုန်က ပြောပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013