သေဒဏ်ပေးကွပ်မျက်ခံခဲ့ရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ မိဘတွေရဲ့နေအိမ်တွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ လူတစုက လာရောက်ပြီး ခဲတွေနဲ့ ပစ်ပေါက်၊ ဆဲဆို၊ ဆူပူရမ်းကားခဲ့ကြပါတယ်။
ဇူလိုင် ၂၇ ရက် ဒီနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ လောက်က ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ကိုဖြိုးဇေယျာသော်ရဲ့ ဖခင်နေထိုင်ရာ နေအိမ်ရှေ့ကို စစ်တပ်ထောက်ခံတဲ့ လူတစ်စုက ကားတွေနဲ့ ရောက်လာပြီး ခဲနဲ့ပစ်ပေါက်ရမ်းကားခဲ့တာကို ရုပ်သံမှာ မြင်တွေ့ရပါတယ်။
ခင်ဗျားသားသတ်လို့ သေတဲ့သူတွေ အများကြီးလို့ ပြောဆိုပြီး ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။
အလားတူ အင်းစိန်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ ၂ လမ်းမှာရှိတဲ့ ကိုဂျင်မီရဲ့ နေအိမ်ရှေ့ကို လည်း စစ်ကောင်စီလက်ပါးစေတွေက သွားရောက် ခဲနဲ့ ပစ်ပေါက်ခဲ့ပြီး မြန်မာပြည်မှ ထွက်သွားရန် အော်ဟစ်ရမ်းကားခဲ့ ကြပါတယ်။
အခုလို မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ရမ်းကားမှုတွေကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတာဝန်ရှိ အဖွဲ့အစည်းတွေက တားမြစ်တာ အရေးယူတာတွေ ပြုလုပ်ခြင်းလည်း မရှိခဲ့ပါဘူး။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ စစ်ကောင်စီက အကျဉ်းထောင်ထဲမှာ သေဒဏ်ပေး ကွက်မျက်ခဲ့တဲ့ အပေါ် နိုင်ငံတကာ အသိုက်အဝန်းက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ပြည်တွင်း ပြည်ကက မြန်မာပြည်သူတွေက သူရဲကောင်း အာဇာနည်တွေအဖြစ် သတ်မှတ်ဂုဏ်ပြုနေချိန်မှာ အခုလို စစ်အုပ်စုက ရမ်းကားနေတာ ဖြစ်ပါတယ်။