DVB Logo
Home
Lead Story
ငြိမ်းချမ်းရေး အထိုင်
DVB
·
July 27, 2022
ငြိမ်းချမ်းရေး အထိုင်
Donate to DVB

အခြေအနေတရပ်အပေါ် ရှုမြင်ပုံချင်း မတူကြတဲ့ခါ လူတွေဟာ ကိုယ့် Narrative နဲ့ ကိုယ် မှန်တယ်လို့ ထင်နေကြသူတွေချည်းပါ။ လွယ်လွယ်ပြောရရင် ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်ပေါ့..။ ကိုယ့်အထိုင်နဲ့ ကိုယ်ပေါ့..။ ကိုယ့်အထိုင်ဘက်က ကိုယ့်အကြောင်းပြချက်ကတော့ ကိုယ်သာ အမှန်ပေါ့။

ကမ္ဘာကြီး မငြိမ်းချမ်းရခြင်းအကြောင်းမှာ အဲဒီလို အထိုင်တွေမတူကြတဲ့ ပြဿနာပါ။ ခု ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားက ငြိမ်းချမ်းရေးဟာ သူတို့လိုအင်အတိုင်းပဲ ဖြစ်ရမယ်လို့ ဆိုနေတယ်။ တခြားသူတွေလိုလားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် မဖြစ်ရဘူးလို့ ဆိုတယ်။ စစ်ကို ရည်မှန်းချက်ပန်းတိုင်အတိုင်း တိုက်မယ်။ ငြိမ်းချမ်းရေး လိုချင်သလား။ ကျုပ်တို့ လိုချင်တဲ့အတိုင်း ခင်ဗျားတို့ သဘောတူ..။

အင်အားအခြေခံတဲ့ အယူအဆနဲ့ ရပ်တည်နေသူကို ငြိမ်းချမ်းရေးစကားပြောရတာ မလွယ်ကူပါဘူး။

မကြာသေးမီကပဲ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ မက်ဗီဒက်က သူတို့ရဲ့ ယူကရိန်း စစ်ဆင်ရေးဟာ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိမှာဖြစ်ပြီး ငြိမ်းချမ်းရေးဟာလည်း သူတို့အဆိုအတိုင်းပဲ ဖြစ်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။

ရုရှားတွေလိုချင်တဲ့ အချက်တွေက ဘာတွေလဲ။ သမိုင်းကြောင်းအရဆိုရင်တော့ ဒီအဖြေရဖို့ ခက်ပါတယ်။ ခေတ်သစ် ရုရှားစစ်ပွဲတွေမှာ အဖြေနှစ်ခုပဲ ထွက်ပါတယ်။ တခုက အလုံးစုံ စစ်ပွဲအောင်နိုင်ခြင်း (ချေချင်းညာ၊ ဆီးရီးယား) နဲ့ တခုက နိုင်ငံတွေ ကွဲထွက်သွားခြင်း (ဂျော်ဂျီယာ၊ ယူကရိန်း-၂၀၁၄ ရုရှား ဝင်ရောက်စွက်ဖက်မှုအပြီး) တို့ပဲ ဖြစ်တယ်။

ရုရှားတွေအနေနဲ့ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုတာ အင်မတန်ရှားပါတယ်။ စစ်ကို နိုင်အောင်တိုက်ပြီး တဖက်က အညံ့ခံမှသာ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။

ခုချိန်မှာ ပူတင်ကလည်း ယူကရိန်းစစ်ပွဲမှာ သူတို့က upper hand အသာစီးရနေတယ်လို့ ယူဆနေတယ်။ ပိတ်ဆို့အရေးယူမှုတွေက ထိခိုက်မှုရှိပေမဲ့ ရုရှားစီးပွားရေးကို အကြီးအကျယ် ထိခိုက်သွားအောင်တော့ မလုပ်နိုင်သေးဘူး။

အနောက်အုပ်စုက လက်နက်အကူအညီ၊ ထောက်လှမ်းရေးအကူအညီတွေ ပုံအောပေးနေပေမဲ့ ရုရှားတွေရဲ့ ယူကရိန်းစစ်ပွဲက တုံ့ဆိုင်းမသွားသေးဘဲ ဆက်ပြီး ရှေ့တိုးနေတာ တွေ့ရတယ်။ ဒါဟာ စိုးရိမ်စရာကောင်းပြီး တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာမယ့် အနေအထားမျိုးမှာ ရှိနေတယ်။ လာမယ့်ဆောင်းရာသီမှာ ရုရှားက ဥရောပကို တင်ပို့နေတဲ့ ဓာတ်ငွေ့တွေကို ဖြတ်တောက်လိုက်ရင် စစ်ကို အရှုံးပေးဖို့ထက် နှစ်ဖက်အခြေအနေက ဆိုးလာနိုင်တယ်။

ဘေးကင်းစေတဲ့ အကောင်းဆုံးနည်းလမ်းကတော့ နှစ်ဖက် စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ပါပဲ။ ရုရှားတွေရဲ့ လိုလားချက်အရ ညှိနှိုင်းလို့ရော အဖြေထွက်နိုင်ပ့ါမလား။

ရုရှားသမ္မတပူတင်ရဲ့ လိုလားချက်အတိုင်းဆိုရင်တော့ မသေချာပါဘူး။ သူက ယူကရိန်းရဲ့ တည်ရှိမှုကို လက်မခံသလို ယူကရိန်းဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိချင်သူပါ။ ဒါမှမဟုတ် အခုလက်ရှိ ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတချို့ကို ရုရှားပိုင်အဖြစ် နိုင်ငံတကာက သဘောတူပေးမယ် ဆိုရင်ရော သူက လက်ခံနိုင်မလား။

တကယ်တော့ ပူတင်က ယူကရိန်းတင်မက အရှေ့ဥရောပ (အရင်ဆိုဗီယက်ဟောင်း) နိုင်ငံတွေမှာပါ တပ်ဆင်ထားတဲ့ လက်နက်တွေကို ဖြုတ်သိမ်းချင်သူပါ။

ယူကရိန်းစစ်ပွဲက အဓိက ပူတင်ရဲ့ လိုလားချက်က ဘာလဲ မသိနိုင်သေးပါဘူး။ စစ်ပွဲရဲ့ နှစ်ဖက်လုံးက ကိုယ့်လိုလားချက်နဲ့ကိုယ် ငြိမ်းချမ်းရေးမူကို ချနေကြတယ်။ စစ်ဖြစ်နေတာ ယူကရိန်းခေါင်းဆောင် ဇီလန်းစကီးနဲ့ ဆိုပေမယ့် ငြိမ်းချမ်းရေးအတွက် တကယ် စကားပြောတော့မယ်ဆိုရင်တော့ ပူတင်နဲ့ ဘိုင်ဒင်ပဲ ပြောကြရမှာပါ။

ယူကရိန်း ငြိမ်းချမ်းရေး အဆုံးအဖြတ်အတွက် အခြေခံကျတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အဓိကမေးခွန်း လေးခု ထွက်လာပါတယ်။

  • စစ်ပွဲကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးခဲ့သမျှအပေါ် ရုရှားအနေနဲ့ စီးပွားရေးအရ တောင့်ခံနိုင်ပါ့မလား။
  • စစ်ရာဇဝတ်ကောင်လို့ သတ်မှတ်ခံရသူတွေကို တရားစီရင်နိုင်ပါ့မလား။
  • ယူကရိန်းရဲ့ နယ်မြေပိုင်နက် ဆက်လက်တည်မြဲနိုင်မလား။ ဒါမှမဟုတ် (ဟင်နရီကစ်ဆင်ဂျာ ထောက်ပြခဲ့သလို) နယ်မြေတချို့ကို ရုရှားကို ခွဲပေးပြီး ငြိမ်းချမ်းရေးယူမှာလား။
  • ဖြစ်ပေါ်နေတဲ့ ဒေသတွင်း လုံခြုံရေးအာမခံချက်ကရော ဆက်ပြီး ဘယ်လိုဖြစ်လာမှာလဲ။

​အားလုံးကတော့ မလွယ်ပါဘူး။

နောက်ဆုံးမှာတော့ နှစ်ဖက် ညှိနှိုင်းသဘောတူမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေး ဆိုတာတွေဟာ စစ်ပွဲထက် ပိုလို့ ခက်ခဲတတ်တယ် ဆိုတာပါပဲ။

ချစ်ဝင်းမောင်

(Compromise, cooperation and peace are , in the end, much harder than war ) 

Ref: Four questions to ask when considering peace in Ukraine.

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013