DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူ စစ်ရှောင်အမျိုးသမီးတဦးကိုယ်ဝန်ပျက်ကျ၊ စစ်ရှောင် ၁၀,၀၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
DVB
·
July 22, 2022
ဆိပ်ဖြူ စစ်ရှောင်အမျိုးသမီးတဦးကိုယ်ဝန်ပျက်ကျ၊ စစ်ရှောင် ၁၀,၀၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
Donate to DVB

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ကို ဇူလိုင်လ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ် အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း အမျိုးသမီးတယောက် ကိုယ်ဝန်ပျက်ကျကာ ပြည်သူ ၁၀,၀၀၀ ကျော် စားဝတ်နေရေး အခက်ခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ကိုယ်ဝန် လေးလနဲ့ ၃ နှစ်အရွယ်  သမီးတယောက်၊ ၁၂ နှစ်အရွယ် သမီးတယောက်နဲ့အတူ ထွက်ပြေးခဲ့စဉ် ကိုယ်ဝန် ပျက်ကျခဲ့ရတယ်လို့ အိုင့်ကြီးကျေးရွာနေ ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အမျိုးသမီးက ဒီဗွီဘီကို ပြောပါတယ်။  

“တောထဲမှာ ၃ ရက်ကြာခဲ့တယ်။ ကျမမှာ သွေးနုနုလေးနဲ့ မိုးတွေရွာနေတဲ့ ကြားထဲမှာ အနွေးထည်လည်း ပါမလာခဲ့ဘူး။ စားစရာလည်း ဆန် ၂ ပြည်လောက်နဲ့ ကလေးပါလာလို့ ဖြစ်သလို စားသောက်ခဲ့ရပြီး ကလေး ၂ ယောက်နဲ့ အရမ်းဒုက္ခရောက်ခဲ့တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ အကူညီနဲ့ လမ်းဘက်ကို ပြန်ထွက်ပြီး ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းခဲ့ရတယ်။ PDF စခန်းဘက်ကို ရောက်တော့ ဆရာဝန်နဲ့ တွေ့ပြီး ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အကြောင်းကို ပြောပြလို့ စမ်းသပ်တာတွေ ပြုလုပ်ကာ ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးတွေပေးထားကာ မသက်သာရင်တော့ ခွဲစိတ်ရမယ့်လို့ ဆရာဝန်ကပြောတယ်။ လက်ရှိကျန်းမာရေးအခြေနေကတော့ အိပ်မပျော်ဘူး၊ ခေါင်းမူးတယ် ။ အထိတ်အလန့်တွေဆိုရင် ခြေမကိုင်မိလက်မကိုင်မိ တုန်တုန်တုန်ရီရီ ဖြစ်နေပြီး ပြေးရမယ်ဆိုရင်လည်း မပြေးနိုင်တော့ဘူး။”

စစ်ကောင်စီက အင်အား ၄၀၀ ကျော် ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဘာမှ မယူနိုင်ဘဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကြောင်း၊ သက်ကြီးရွယ်အိုတွေလည်း လမ်းမလျှောက်နိုင်ကြလို့ ပွေ့ချီပြီးမှ ထွက်ပြေးကြရကြောင့် အတော်ဒုက္ခရောက်ခဲ့ကြရတယ်လို့ ဖလံမကျေးရွာ ဒေသခံစစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘေးလွတ်ရာကို ပို့ပေးထားပေမယ့် စားရေးသောက်ရေးအဆင်မပြေဘူး။ ကျန်းမာရေးစောင့်ရှောက်မှုလည်း အချင်းချင်း နားလည်သလောက်လေးနဲ့ပဲ ကုသပေးနေကြရတယ်။ အဓိကအခက်ခဲကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်ထည်၊ အ မိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်။ အဲဒီအာဏာရှင်စနစ်ကြီးကို မြန်မြန် အမြစ်ပြတ်စေချင်လှပြီ။ ဘယ်ကိုမှလည်း မပြေးချင်မလွှားချင်တော့ဘူး။ ကိုယ့်အိမ်နဲ့ကို အေးအေးဆေးဆေး နေချင်လှပြီ။ အိမ်တအိမ်ဖြစ်မြောက်ဖို့ အဆင်မပြေတဲ့ ဘဝတွေကနေ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာ။ လမ်းခရီးမှာလည်း ထမင်းမစားခဲ့ရတာတွေ ရှိခဲ့ပြီး အရမ်းဒုက္ခရောက်ခဲ့ရတယ်။” 

အိုင့်မကျေးရွာ ဒေသခံပြည်သူတဦးကလည်း “ကျနော်တို့ကို ဆောမြို့နယ်ဘက်က ကာကွယ်ရေးအဖွဲ့တွေက လာကြိုပြီး နေရာထိုင်ခင်းနဲ့ စားစရာတွေ စီစဥ်ပေးတယ်။အဲဒီနေရာမှာ ရှောင်တိမ်းရင်း ၁၂ ရက်လောက်အကြာမှာ စစ်ကြောင်းထပ်ထိုးလာလို့ ထပ်ပြေးခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် မိမိတို့တပ်နိုင်သရွေ့ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃,၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင်လ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013