DVB Logo
Home
မြန်မာသတင်း
မြန်မာ့ မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယက ၅ နှစ်ဆက်တိုက် ဝယ်မည်
DVB
·
July 21, 2022
မြန်မာ့ မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယက ၅ နှစ်ဆက်တိုက် ဝယ်မည်
Donate to DVB

မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းကို ၅ နှစ်ဆက်တိုက် နှစ်စဉ်ဝယ်ယူသွားမယ်လို့ အိန္ဒိယအစိုးရက ဇူလိုင် ၁၈ ရက်ရက်စွဲနဲ့ တရားဝင်အတည်ပြုထုတ်ပြန်လာပြီးနောက် မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံစျေးနှုန်းတွေ ပြန်လည်  တက်ရိပ်ပြလာပါတယ်။

မြန်မာနဲ့ အိန္ဒိယကြား ပဲဝယ်ယူရေး နှစ်နိုင်ငံ MOU ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လတည်းက လက်မှတ်ရေးထိုးခဲ့ပြီး အခုအခါ အိန္ဒိယဘက်က ပဲတင်သွင်းခွင့် သတ်မှတ်ချက်ပမာဏတွေကို တရားဝင်ထပ်မံ ထုတ်ပြန်လာတာဖြစ်ပါတယ်။  

လက်ရှိမှာလည်း အိန္ဒိယဟာ မြန်မာမတ်ပဲ၊ ပဲစင်းငုံကို အခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အကုန်အထိ အကန့်အသတ်မဲ့ တင်သွင်းခွင့် ပေးထားပြီး MoU စာချုပ်ပါ ပဲပမာဏကိုလည်း တင်သွင်းခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ပဲတင်သွင်းခွင့်ကို မွန်ဘိုင်းနဲ့ ချန်နိုင်းအပါအဝင် ဆိပ်ကမ်း ၅ ခုကသာ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တင်သွင်းခွင့်ပြုသွားမှာပါ။

ပဲကုန်သည်တယောက်က  “လောလောဆယ်မှာလဲ မတ်ပဲနဲ့ ပဲစင်းငုံကို လွတ်လပ်စွာ တင်ပို့ခွင့် အန္ဒိယက ပေးထားဆဲပါ။ MOU လည်း တဘက်မှာ Stand by ရှိပြီးသားမို့ စိတ်ချလက်ချ အိန္ဒိယကို ပဲတင်ပို့နေနိုင်မှာဖြစ်ပါတယ်” လို့ပြောပါတယ်။

အခုနှစ် အိန္ဒိယနိုင်ငံမှာ မတ်ပဲအပါအ၀င် မိုးစိုက်ပဲဧက လျော့ကျနိုင်တဲ့ အခြေအနေတွေကြောင့်  အခုလဆန်းပိုင်းက မတ်ပဲတစ်တန်ကို ကျပ်  ၁၇ သိန်းကျော်အထိ ဈေးတက်လာခဲ့ပြီးနောက် နှစ်ပတ်အတွင်း တစ်တန်ကို ကျပ်  ၁၅ သိန်းကျော်အထိ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်စျေးကွက်မှာ မတ်ပဲတစ်တန်ကို ကျပ် ၁၅ သိန်း ၇ သောင်း ၀န်းကျင်သာရှိပြီး၊ ပဲစင်းငုံက တစ်တန်ကို ကျပ် ၁၄ သိန်း ၃ သောင်းခွဲသာ ရှိခဲ့ပေမဲ့ အိန္ဒိယအစိုးရရဲ့ အဲဒီ တရား၀င် အတည်ပြုချက်ထွက်ပေါ်လာပြီးနောက် ဇူလိုင် ၂၀ ရက်နေ့ ရန်ကုန်စျေးကွက်မှာ မတ်ပဲတစ်တန်ကို ကျပ် ၁၆ သိန်း ၇ သောင်းအထိ ပြန်မြင့်တက်လာပြီး ၊ ပဲစင်းငုံက တစ်တန်ကို ကျပ် ၁၄ သိန်း ၉သောင်း အထိ မြင့်တက်လာပါတယ်။

ရက်ပိုင်းအတွင်း မတ်ပဲကတစ်တန်ကို ကျပ် တစ်သိန်း ကျော် မြင့်တက်လာပြီး၊ ပဲစင်းငုံက တစ်တန်ကို ကျပ်  ၅ သောင်းခွဲ ဝန်းကျင်ပြန်လည် မြင့်တက်လာတာပါ။

ဒီ MOU အရ မြန်မာ၊ အိန္ဒိယနိုင်ငံအကြား G to G စနစ်နဲ့  နှစ်ရှည် ရောင်းဝယ်မှု ပြုလုပ်နိုင်မှာ ဖြစ်လို့ ပဲစျေးကွက်အလားအလာကောင်းပြီး အာမခံချက် ရှိလာနိုင်တယ်လို့ ပဲဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013