DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို ကေအန်ယူက ထုတ်ပယ်
DVB
·
July 20, 2022
ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို ကေအန်ယူက ထုတ်ပယ်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေဒေသမှာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြဦးဆောင်တဲ့ KAW THOO LEI ARMY (ကရင်ပြည်သူ့တပ်မတော်) ဖွဲ့စည်းပေါ်ပေါက်လာတာနဲ့စပ်လျဉ်ပြီး  စောနယ်ဒါးမြကို ကေအန်ယူကနေ ထုတ်ပယ်လိုက်ပါတယ်။

ဇူလိုင် ၂၀ ရက်က ပြုလုပ်တဲ့ အရေးပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်လိုက်တာဖြစ်ပြီး စောနယ်ဒါးမြရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ကေအန်ယူက စောနယ်ဒါးမြကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ရဲ့ စစ်ဦးစီးချုပ် တာဝန်ပေးအပ်ခဲ့ရာ စတင်တာဝန်ထမ်းဆောင်ချိန်မှစတင်ပြီး စစ်ဦးစီးဌာနချုပ်နဲ့‌ ကေအန်ယူရဲ့ အဖွဲ့အစည်းခေါင်းဆောင်တဦးအနေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တာဝန်ဝတ္တရားတွေကို ချိုး‌ဖောက်လေ့ရှိပြီး ဦးဆောင်တည့်မတ်ခဲ့ရမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ရတယ်လို့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စောနယ်ဒါးမြဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်တဲ့ မိခင် ကေအန်ယကခွဲထွက်ဖို့ နအဖနဲ့ပြုလုပ်တဲ့တွေ့ဆုံဆွေးနွေးမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။

ဒါအပြင် ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC) ဖွဲ့စည်းရာမှာ အတွင်းရေးမှူး ၁ အဖြစ်ပါဝင်ခဲ့ရာ အမည်နာမအနေနဲ့ ကိုယ်တိုင်မပါဝင်ဘဲ ထည့်သွင်းဖော်ပြခံခဲ့ရသူ ခေါင်းဆောင်အသီးသီးက အဆိုပါအဖွဲ့အစည်းနဲ့ ကင်းရှင်းကြောင်း တရားဝင်ထုတ်ပြန်‌ကြေညာတာ အသီးသီးပြုလုပ်ခဲ့ကြ‌ပေမယ့် စောနယ်ဒါးမြအနေနဲ့ တရားဝင်ထုတ်ပြန်ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

စောနယ်ဒါးမြအနေနဲ့ ကာကွယ်ရေးဌာနနဲ့ KNLA ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တပ်မှူးတွေလိုက်နာရမယ် အစည်းအဝေးဆုံးဖြတ်ချက်တွေကိုလိုက်နာဖို့ ပျက်ကွက်တာတွေရှိခဲ့ပြီး မိမိသဘောနဲ့ နိုင်ငံခြားမှာ KNDO အဖွဲ့အစည်းကိုဖွဲ့စည်းပြီး ရာထူးပေးအပ်တာ၊ ငွေကြေးကောက်ခံတာတွေကို တရားမဝင်ပြုလုပ်ခဲ့ပါတယ်။

ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသမှာဖြစ်ပေါ်ခဲ့တဲ့ ဥပဒေပြင်ပသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အတွက် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားခဲ့ပြီး ဗိုလ်မှူးကြီးစောရှီးလေကို ယာယီအစားထိုး တာဝန်ပေးအပ်ခဲ့ပါတယ်။

ကေအန်ယူ က ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အကြိုကာလလုပ်ငန်းစဉ်၊ စုံစမ်းစစ်ဆေးရေးကာလလုပ်ငန်းစဉ်နဲ့ အဆုံးသတ်လုပ်ငန်းစဉ် စတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်အတွင်း ခေါင်းဆောင်တဦးအနေနဲ့ တာဝန်ယူ၊ တာဝန်ခံပြီး ပူးပေါင်းပါဝင်ရေးအတွက် ပျက်ကွက်ခဲ့သလို ကေအန်ယူရဲ့ တရာစီရင်ရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ရှောင်လွဲခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စောနယ်ဒါးမြကို တာဝန်နဲ့ ရာထူးကနေလုံးဝရပ်ဆိုင်းခဲ့ပြီး အဆိုပါနေ့မှာပဲ လစ်လပ်သွားတဲ့ KNDO စစ်ဦးစီးချုပ်နေရာကို ဗိုလ်မှူးကြီးစောရှီးလေကို အစားထိုးတာဝန်ပေးအပ်ခဲ့ပါတယ်။

ဇွန်လဆန်းပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံခဲ့တဲ့ ဥကရစ်ထစခန်းကနေ ဖမ်းဆီးခဲ့တဲ့ စစ်သုံးပန်းတွေကို ဥပဒေပြင်ပသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်ရာ ပါဝင်ပတ်သက်သူတွေကို ကေအန်ယူရဲ့ တရားစီရင်ရေးဘောင်ထဲ ပို့ဆောင်စစ်ဆေးရေးလုပ်ငန်းစဉ်ကို ထိခိုက်စေခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၁၇ ရက်က စောနယ်ဒါးမြ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ KAW THOO LEI ARMY (ကရင်ပြည်သူ့တပ်မတော်) ဖွဲ့စည်းရေးဟာ KNU၊ KNLA နဲ့ ပတ်သက်ခြင်းမရှိကြောင်းကို နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်တွင်းပြည်ပ ပြည်သူလူထုနဲ့  တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကို လေးစားစွာ အသိပေးအပ်ကြောင့် ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013