DVB Logo
Home
Lead Story
Kaung For You ပြဿနာ အဖြေရှာ
DVB
·
July 20, 2022
Kaung For You ပြဿနာ အဖြေရှာ
Donate to DVB

၂၀၂၂-၂၀၂၃ ကျောင်းဖွင့်ရာသီ နီးလာတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း ကျောင်းသားမိဘတွေရဲ့ကြား အင်မတန်ဖြေရခက်တဲ့ မေးခွန်းက ဆောင့်ကြီးအောင့်ကြီးနဲ့ ဝင်ချလာတယ်။ အခုစာသင်နှစ်မှာ ကိုယ့်သားသမီး ဘယ်မှာ ကျောင်းထားမလဲဆိုတဲ့ မေးခွန်း။

ကိုယ့်ဘာသာ ဖြေရခက်၊ ဆုံးဖြတ်ရခက်လေတော့ ကိုယ့်နီးစပ်ရာချင်း ဘယ်သူ ဘာလုပ်မလဲလို့ တိုင်ပင်ကြ၊ စောင့်ကြည့်ကြတယ်။ ဖြစ်နိုင်ရင် အစိုးရကျောင်းဆိုတာကြီး လုံးဝမထားချင်။ ဒါပေမဲ့ ကိုယ့်သားသမီး ကျောင်းမတက်ရတာလည်း ဟိုး…ကိုဗစ်တွေ ဘာတွေကတည်းက ဆိုတော့ အိမ်ထဲမှာ ဂိမ်းပြီးရင် ဂိမ်းကစားနေတာ ဘယ်မိဘက ဘဝင်ကျပါ့မလဲ။

ပြောရရင် ကလေးတွေက ကျောင်းတက်ချင်တယ်။ မိဘတွေက အကြမ်းဖက်စစ်တပ်ရဲ့ ကျောင်းကို သိက္ခာအကျခံပြီး မထားချင်။ ဒါဆို ဘယ်ကျောင်းသွားထားမလဲဆိုတော့ ပိုက်ဆံပေးတက်လို့ရတဲ့ ပုဂ္ဂလိကကျောင်းတွေရှိပေမဲ့ တစ်လကို ၂ သိန်းဆိုတာ အောက်ထစ်။ အာဏာသိမ်းပြီးကတည်းက သူဌေးတွေတောင် အလုပ်အဆင်မပြေလို့ ချာလပတ်ယမ်းနေကြတာဆိုတော့ လူလတ်တန်းစားတွေအတွက် ကျောင်းစရိတ် တစ်လ ၂ သိန်းဆိုတာ အကြီးကြီး။

အဲဒီလိုနဲ့ မေလကုန်ခါနီးအထိ ဘာလုပ်ရမယ်မှန်းမသိ၊ ချာလပတ်ယမ်းနေတဲ့အချိန် NUG အစိုးရအသိအမှတ်ပြု၊ NUG ပညာရေးစနစ်အတိုင်း သင်ကြားပေးမယ့် အွန်လိုင်းပညာရေးကျောင်းတွေ ပေါ်လာလို့ ကျောင်းသားမိဘများစွာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ အကြမ်းဖက်စစ်အုပ်စုကို အာခံတော်လှန်နေကြတဲ့ CDM ကျောင်းသားတွေအတွက် CDM ပညာရေးကျောင်း။ ကိုယ့်အစိုးရနဲ့ ကိုယ့်ဘာသာသင်ယူကြမယ့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးကျောင်းလို့ ကြီးကြီးကျယ်ကျယ် ထပ်ပြောလို့ရသေး။

အဲဒီအွန်လိုင်းကျောင်းတွေထဲမှာ ကျောင်းသားမိဘတွေကြား အပေါက်မြောက်ဆုံးကျောင်းကတော့ Kaung For You အွန်လိုင်းကျောင်းပါပဲ။ NUG ပညာရေးစနစ်အတိုင်း KG တန်းကနေ Grade11 အထိ အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကို အွန်လိုင်းကနေ သင်ကြားပေးမယ်တဲ့။ Kaung For You ကျောင်းမှာ  ၂၀၂၀ ပြည့်နှစ် မြန်မာနိင်ငံသင်ရိုးကို ကျောရိုးပြု၊ စင်ကာပူနိုင်ငံဒေသ သင်ရိုး၊ သင်္ချာဘာသာကို ဂျပန်နိုင်ငံ အခြေခံပညာမူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း သင်ခန်းစာတွေနဲ့ တွဲဖက်သင်မှာဖြစ်ပြီး Cambridge English ကို  မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းမှာ တစ်ဘာသာ သီးသန့်ထည့်သင်ပေးမယ်လို့ ထုတ်ပြန်လိုက်လေတော့ ကျောင်းသား မိဘတွေ အကြိုက်ပေါ့။

သူထက်ငါ အလုအယက် Kaung For You ကျောင်းမှာ ကိုယ့်သားသမီး ကျောင်းတက်ခွင့် ရရေးအတွက် ကျောင်းဝင်ခွင့်ဖောင် အလုအယက် တင်ကြတယ်။ ဝင်ခွင့်ကို ဘယ်လောက်ထိအောင် လျှောက်ကြသလဲဆို စုစုပေါင်း ၂ သိန်းနီးပါး။ ဒါနဲ့ Kaung For You ကျောင်းက လျှောက်ထားတဲ့ ကျောင်းသားဦးရေသိပ်များနေတာနဲ့ ဆရာ၊ ဆရာမအင်အားနဲ့ အခြေခံအဆောက်အဦကို ဖျစ်ညှစ်တိုးချဲ့ ကျောင်းသားသုံးသောင်းအထိ လက်ခံလိုက်တယ်။ တတ်နိုင်တဲ့ ကျောင်းသားမိဘတွေ တတ်နိုင်သလောက်ကူ၊ မတတ်နိုင်ရင်လည်း ပြဿနာမရှိ။

နောက်ထပ် NUG အသိအမှတ်ပြု အွန်လိုင်းပညာရေးကျောင်းတွေ ထပ်တွေ့ရတယ်။ အခု ခေါင်းထဲဝင်လာသလောက် ပြောရရင် မတ္တရာဖက်ဒရယ်ကျောင်း၊ ပြီးတော့ နာမည်ကျော် ကျူရှင်ဆရာ ဒေါက်တာဘိုင်အိုက ပရောဂျက်ဒါရိုက်တာအဖြစ် ဦးဆောင်ဖွင့်လှစ်တဲ့ Spring Bridge Online Education Program။ အခု ဖွင့်လှစ်လိုက်တဲ့ ကျောင်းတွေဟာ မြန်မာတနိုင်ငံလုံးက CDM ကျောင်းသားတွေအားလုံးကို မသင်ကြားပေးနိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် အခုလို စတင်တဲ့နှစ်မှာ ဒီလောက်ထိဖြစ်လာတာ နည်းတဲ့အင်အား ဘယ်ဟုတ်မလဲ။ အွန်လိုင်းရနေသ၍ ကိုယ့်အိမ်ထဲကနေ ဘယ်သူမှ မသိဘဲ သင်ယူနိုင်တဲ့ ပညာရေး။ အွန်လိုင်းပညာရေးဆိုတာ ကလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ လူမှုဆက်ဆံရေး၊ မေတ္တာတရားနဲ့ ပျော်ရွှင်မှုတွေ ကန်းနေတာမို့ အဆင်မပြေလှပေမဲ့ နွေဦးတော်လှန်ရေးမပြီးဆုံးမီ ခဏတဖြုတ်တော့ ဒီလိုပဲ ရှိတာလေးနဲ့ကောင်းအောင် တည်ဆောက်ရ၊ အောင့်အည်းသည်းခံကြ။ တော်လှန်သောမိဘတွေက အခုလိုကျောင်းတွေ ပေါ်လာတာ သိပ်ကျေနပ်ကြတယ်။

ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ နိဒါန်းပျိုးကာလမှာပင် ထိတ်လန့်ဖွယ် လုံခြုံရေးစည်းပေါက်တဲ့ ပြဿနာအကြီးကြီးက ဝုန်းခနဲ ဝင်ဆောင့်လာတယ်။ ကျောင်းအပ်နှံထားတဲ့ ကျောင်းသား၊ သင်ကြားပေးနေတဲ့ ဆရာတွေနဲ့ သင်ကြားဖို့လျှောက်ထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ အချက်အလက်ပေါက်ကြားမှု။ ပြီးတော့ ဘာမှထပ်မကြာလိုက်ပါဘူး။ Kaung For You ကျောင်းအုပ် ဖမ်းဆီးခံလိုက်ရ။

အခုဆိုရင် Kaung For You မှာ ကျောင်းအပ်ထားတဲ့ ကျောင်းသားမိဘတွေ အကုန် ပွက်လောရိုက်ကုန်ကြပြီ။ ကိုယ့်သားသမီး ကျောင်းအပ်ထားတဲ့စာရင်း စစ်အုပ်စုထံ ရောက်သွားပြီလား။ ကိုယ့်အိမ်အပေါက်ဝမှာ  စစ်ဖိနပ်သံတွေ ကြားရတော့မှာလား။လူကြီးကိုမမိရင် ကလေးကို ဖမ်းနေတဲ့ အောက်တန်းစားတွေမို့ မိသားစုနဲ့ချီ တိမ်းရှောင်မှဖြစ်မလား။ တိမ်းရှောင်စရာ နေရာက ဘယ်မှာလဲ။ အလုပ်လုပ်နေတာတောင် ငတ်နေတဲ့ကာလ ဘယ်အရပ်ကိုများ တိမ်းရှောင်ပြီး ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ။ စဉ်းစားလိုက်တိုင်း သောကတွေ ပွေလီရ။

Kaung For You ကျောင်းသားမိဘတွေတင်မက တခြားကျောင်းတွေမှာ တက်နေကြသူတွေလည်း ငါတို့ရော အခုလို မဖြစ်သွားနိုင်ဘူးလားဆိုတဲ့ အတွေးနဲ့ တထိတ်ထိတ်ဖြစ်ရ။ ပြောရမယ်ဆိုရင် Kaung For You ကျောင်းလုံခြုံရေးစည်း ကျိုးပေါက်သွားတာဟာ အရှိန်ရခါစ NUG အွန်လိုင်းပညာရေးလမ်းကြောင်းကိုပါ ယုံကြည်မှုကျဆင်းခဲ့ရတယ်။ ဒါပေမဲ့၊ သွားစရာ ရှိတာကိုတော့ ဆက်သွားရမှာပဲဆိုတော့ အခုဖြစ်တဲ့ပြဿနာကနေ အားနည်းချက်တွေကို ရှာဖွေဖော်ထုတ် သင်ခန်းစာယူကာ ပြုပြင်ဖာထေးနိုင်ဖို့ လိုပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ အွန်လိုင်းပညာသင်ကျောင်းတွေဟာ CDM ကျောင်းသားတွေအတွက် ရည်ရွယ်ဖွင့်လှစ်လိုက်တဲ့ ကျောင်းတွေဖြစ်ပြီး NUG လက်အောက်ခံကျောင်းတွေလို့ မဆိုနိုင်ရင်တောင် NUG အသိအမှတ်ပြု၊ NUG အစိုးရနဲ့ ဆက်စပ်မှု ကြီးကြီးမားမားရှိတဲ့ ကျောင်းတွေလို့ နားလည်ရပါတယ်။ ဒီကျောင်းတွေမှာ ကျောင်းတက်သူအများစုဟာ အကြမ်းဖက် စစ်အုပ်စုလက်အောက် ပြည်တွင်းမှာ သတိကြီးကြီးထားရပ်တည်နေရသူတွေမို့ အားလုံးအတွက် အသက်ဟာ လုံခြုံရေးပဲဖြစ်ပါတယ်။ (လုံခြုံရေးစည်းတစ်ချက်ပေါက်တာနဲ့ အကုန်ဝရုန်းသုန်းကား ဖြစ်ရတဲ့ Kaung For You ပြဿနာဟာ အားလုံးမျက်မြင်ပါပဲ။)

ဒီလောက်ကျဉ်းထဲကျပ်ထဲကနေ အွန်လိုင်းပညာရေးကျောင်းတွေ ဖွင့်လှစ်မယ်ဆိုတော့ ဒီကျောင်းတွေကို စီမံခန့်ခွဲဖို့ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ကော်မတီတရပ် ဖွဲ့စည်းခဲ့တာမျိုး မတွေ့ခဲ့ပါဘူး။ NUG အစိုးရဆိုတာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အစိုးရတရပ်ဖြစ်ပြီး NGO အဖွဲ့အစည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အစိုးရအာဏာကို လိုအပ်သလို ကျင့်သုံးပိုင်ခွင့်ရှိသလို ကျင့်လည်းကျင့်သုံးရမယ့်တာဝန် ရှိပါတယ်။

ကျောင်းတစ်ကျောင်းချင်းစီရဲ့ ပညာသင်ကြားရေးဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ကျောင်းအုပ်ချုပ်သူတွေက တာဝန်ယူရမှာဖြစ်ပေမဲ့ ကျောင်းသင်ရိုးတွေဟာ NUG ပညာရေးမူနဲ့ ကိုက်ညီဖို့၊ ကျောင်းတွေ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ထောက်ကူပေးဖို့နဲ့ အထူးသဖြင့် ကျောင်းပုံမှန်ဖွင့်လှစ်နိုင်ရေးနဲ့ ကျောင်းသားတွေ အပူအပင်ကင်းစွာ ပညာသင်ကြားနိုင်ဖို့ သေမလောက်အရေးပါတဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်မှာ NUG အစိုးရအနေနဲ့ အပ်ကျမတ်ကျ စီမံခန့်ခွဲဖို့ လိုပါတယ်။

အွန်လိုင်းကျောင်းတွေကို စီမံခန့်ခွဲဖို့ ကော်မတီတရပ်မဖွဲ့ခဲ့တောင်မှ ဒီကျောင်းတွေ ဖွင့်လှစ်တော့မယ်ဆိုတော့ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လို စီမံခန့်ခွဲမှုပေးခဲ့ပါသလဲ။ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ အသေးစိတ်ကျကျ ဆွေးနွေးစီမံခန့်ခွဲခဲ့ပါသလဲ။ လုံခြုံရေးကိစ္စဟာ အင်မတန်အရေးကြီးမှန်း ဘယ်လို လမ်းညွှန်မှု ပေးခဲ့ပါသလဲ။

ကျောင်းတွေဖွင့်ပြီဆိုတော့ ဝန်ကြီးက သဝဏ်လွှာပေးပို့တာ၊ အမှာစကားပြောတယ်ဆိုတာ စစ်အစိုးရကာလ ခေါက်ရိုးကျိုးနေတဲ့ အပေါ်ယံကိစ္စတွေသာဖြစ်ပြီး အွန်လိုင်းပညာရေးကျောင်းတွေ ပုံမှန်လည်ပတ်နိုင်ရေးအတွက် စီမံခန့်ခွဲခြင်းသည်သာ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ် ဖြစ်ပါတယ်။

Kaung For You ကျောင်းမဖွင့်ခင်တုန်းက လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို သေချာစိစစ် စီမံခန့်ခွဲခြင်းမရှိခဲ့ဘဲ အချက်အလက် ပေါက်ကြားတော့မှ ‘စုံစမ်းစစ်ဆေးရေးနှင့်အကြံပေးရေး ကော်မတီ’ ကို အလန့်တကြား ထဖွဲ့စည်းတာမျိုးလားဆိုတာ မေးခွန်းထုတ်ရပါမယ်။

ကိုယ့်အားနည်းချက်ကိုယ် ရဲရဲရှာဖွေဖို့လိုပါမယ်။ အားနည်းချက်တွေကို ရဲရဲပြုပြင်နိုင်ဖို့ လိုပါမယ်။ ကျန်ရှိနေတဲ့ကျောင်းတွေ ဘေးကင်းလုံခြုံရေး၊ ရေရှည်ရပ်တည်ရေးဟာ NUG အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013