DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးစီးသည့် ကော်သူးလေတပ်မတော် တည်ထောင်
DVB
·
July 19, 2022
ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးစီးသည့် ကော်သူးလေတပ်မတော် တည်ထောင်
Donate to DVB

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်နယ်ဒါးမြက ကော်သူးလေတပ်မတော်အမည်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ကို  ဇူလိုင် ၁၇ ရက်က စတင် တည်ထောင်လိုက်ပါတယ်။

လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကိုတော်လှန်ဖို့နဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ တပ်မတော်ပြုတ်ကျရေး တိုက်ပွဲဝင်သွားဖို့ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်နယ်ဒါးမြက  ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ရက်စွဲနဲ့  ကရင်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကော်သူးလေတပ်မတော်မှာ စစ်အာဏာရှင်စစ်ကောင်စီကို တော်လှန်တဲ့ကရင်အဖွဲ့တွေ၊ ကရင်လက်နက်ကိုင် တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းထားတယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းပြည်ပ နယ်စပ်မှာရှိတဲ့ ဘယ်သူမဆို စစ်ကောင်စီကို တော်လှန်လိုတဲ့ဘယ်သူမဆို ကော်သူးလေ  တပ်တော်ထဲ ဝင်ရောက်ပူးပေါင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသလို ဒီစစ်အာရှင်တော်လှန်ရေး ကူညီထောက်ပံ့ပေးဖို့လည်း ဗိုလ်မှူးချုပ်နယ်ဒါးမြရဲ့ ထုတ်ပြန်စာမှာ တိုက်တွန်းထားပါတယ်။

KNDO လက်အောက်ခံ စစ်ကြောင်းတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်ခဲ့သော VENON စစ်ကြောင်းကလည်း KNDO ကနေ  နုတ်ထွက်ကာ ကော့သူးလေတပ်မတော်သို့  ဝင်ရောက်ကြောင်း ထုတ်ပြန်ထားပါတယ်။

အခု ကော်သူးလေတပ်မတော်ရဲ့ ရပ်တည်မှုဟာ ကရင်ပြည်သူ့တပ်မတော်တရပ်အနေနဲ့ ရပ်တည်သွားမှာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းရဲ့ အမိန့်ကို မနာခံဘဲ တော်လှန်ရေးအောင်မြင်တဲ့အထိ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ ဖြစ်တဲ့အတွက် VENOM စစ်ကြောင်းအနေနဲ့ ဇူလိုင် ၁၇ ရက်ကစပြီး ကော်သူလေး တပ်မတော်ရဲ့ အဖွဲ့ဝင်စစ်ကြောင်းတခုအဖြစ်‌ ပြောင်းလဲလိုက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNDO ကို  ကေအန်ယူခေါင်းဆောင် (ဟောင်း) ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့  သားတယောက်ဖြစ်တဲ့  ဗိုလ်မှူးချုပ် နယ်ဒါးမြက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က  စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ လမ်းလုပ်သားတွေအပါအဝင် လူတချို့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး  ကေအန်ယူက ဗိုလ်မှူးချုပ် နယ်ဒါးမြကို  ရာထူးကနေ ထုတ်ပယ်ကာ ဗိုလ်မှူးချုပ် စောရှီးလေကို KNDO ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဗိုလ်မှူးချုပ် နယ်ဒါးမြက ဦးဆောင်ပြီး ကော်သူးလေတပ်မတော်ကို စတင် တည်ထောင်တာဖြစ်ပြီး ကော်သူးလေ တပ်မတော်အနေနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ စစ်ကောင်စီတပ်ကို ပြုတ်ကျအောင်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကရင့်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ကရင်လူငယ်တဦးကတော့ ဗိုလ်မှူးချုပ်နယ်ဒါးမြဟာ KNDO စစ်ဦးစီးချုပ်တာဝန်ကနေ ရပ်နားခံရပြီးတဲ့နောက် ကရင်လူထုတွေအတွက် တခုခု လုပ်နိုင်ဖို့ အခုလို ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းလိုက်တာလို့ ယူဆကြောင်းပြောပါတယ်။

ဒါပေမဲ့ ကရင်လူထုတွေအနေနဲ့ အဖွဲ့အစည်းတခု၊ လူထုကိုယ်စားပြုတဲ့အဖွဲ့တခု တည်ထောင်မယ်ဆိုရင် လူထုတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊ လူထုရွေးချယ်မှုနဲ့ မဲခွဲဆုံးဖြတ်လေ့ရှိကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တုန်းကလည်း ကရင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအားလုံး ပူးပေါင်းပြီး ကော်သူးလေတပ်မတော် (KAF) အဖြစ် ပြန်လည်ပေါင်းစည်းဖို့ သဘောတူညီချက်ရရှိကြောင်း ပူးတွဲထုတ်ပြန်ကြေညာချက်တရပ် ထွက်ပေါ်ခဲ့ဖူးပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ လက်နက်ကိုင်တပ်တွေနဲ့  ကေအန်ယူ/ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ)၊ ဒီကေဘီအေတို့နဲ့ ပြန်လည်ပေါင်းစည်းပြီး ကော်သူးလေ တပ်မတော်အဖြစ် ထူထောင်ကြဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်ဆောင်တာတော့  မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013