
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ညီရင်းအစ်ကိုလို ချစ်ကြည်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းဖို့နဲ့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့ လက်တွဲလုပ်ဆောင်ရေးအတွက် အသင့်ရှိနေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်က မြန်မာစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ တရုတ်မြို့တော် ပေကျင်းမှာ တွေ့ဆုံချိန် ဇွန် ၁၆ ရက်မှာ ပြောကြားလိုက်တာပါ။
သမ္မတရှီက တရုတ်-မြန်မာ ဘုံအနာဂတ် အသိုက်အဝန်း တည်ဆောက်ရာမှာ ရလဒ်တွေ ပိုထွက်လာဖို့ မြန်မာနိုင်ငံ စစ်အာဏာရှင်နဲ့အတူ ကြိုးပမ်းအားထုတ် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း၊ မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့နှစ်က ၂ ကြိမ်တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မဟာဗျူဟာနဲ့ အခြေခံအားဖြင့် အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် အမြင်တွေကို နက်နက်ရှိုင်းရှိုင်း ဖလှယ်ခဲ့ကြတယ်လို့ ရှီက ပြောပါတယ်။
“ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့နဲ့ တရုတ်-မြန်မာ ဘုံအနာဂတ် အသိုက်အဝန်း တည်ဆောက်ခြင်းအားဖြင့် ရလဒ်တွေ ပိုရစေရေး လမ်းညွှန်မှုကို မြှင့်တင်ဖို့ ကျနော်က မြန်မာနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပြီး နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးကျေးဇူးတွေ ပိုရစေဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပံ့ပိုးကူညီဖို့ ဆန္ဒရှိပါတယ်။”
တရုတ်နိုင်ငံဟာ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးမူကို စွဲမြဲစွာ လိုက်နာပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတရပ်လုံးကို ဦးတည်ပါကြောင်း၊ မြန်မာ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်နိုင်ငံမှ ခိုင်မာစွာ ထောက်ခံပါကြောင်းပြောပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းဘက်အသီးသီးတို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တဆင့် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ဖို့၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေရှည်တည်ငြိမ်အေးချမ်းမှုကိုရရှိဖို့ တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက် နှိမ်နင်းသွားရမှာဖြစ်ကြောင်း တရုတ်သမ္မတက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အာဆီယံနိုင်ငံတွေအကြား ဖြစ်တည်မှု၊ ရပ်တည်မှုအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ထောက်ခံရပ်တည်သွားမှာ ဖြစ်ပြီး ကုလသမဂ္ဂမျက်နှာစာမှာလည်း မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည်ထောက်ခံသွားမယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံက ရေရှည်အတ္တကင်းစွာ ပံ့ပိုးကူညီပေးခဲ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်တနိုင်ငံတည်းမူဝါဒ “One China Policy” ကို ခိုင်မာစွာ ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံမှ အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့နဲ့ နယ်စပ်ဒေသလုံခြုံရေး တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ဇွန် ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံဆီ နိုင်ငံတော်ခရီးစဉ်နဲ့ သွားရောက်နေတာ ဖြစ်ပါတယ်။
Source: Reuters/ Chinese Embassy










