
ကရင်နီပြည်နယ်မှာ အိမ်မွေးတိရစ္ဆာန်နဲ့ ပစ္စည်းတွေ ဝင်ရောက်ခိုးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား တယောက်သေဆုံးပြီး သေနတ် တလက်နဲ့ ခဲယမ်းတွေရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၆ ရက်နေ့က ဖရူဆိုမြို့နယ်၊ ဒေါလောခူကျေးရွာထဲကို ဝင်ရောက်ပြီး လူနေအိမ်တွေထဲက ပစ္စည်းအသုံးအဆောင်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က တိုက်ခိုက်ခဲ့ကြတာပါ။
စစ်ကောင်စီရဲ့ တပ်မ ၆၆ ကို မနက် ၁၁ နာရီခွဲအချိန်မှာ KNDF B-15 နဲ့ KA တို့ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ ၁၀ မိနစ်နီးပါးလောက်ပဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က တယောက်သေဆုံးခဲ့ပြီး ကရင်နီတပ်တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား ကိုင်ဆောင်လာတဲ့ MA-1 အမျိုးအစားသေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့ပြီး တပ်မ ၆၆ တပ်သားတချို့ဟာ တပ်အနီးက ကျေးရွာတွေထဲကို နေ့တိုင်းဝင်ရောက်ပြီး အိမ်မွေးတိစ္ဆာန်တွေကို ဖမ်းဆီးစားသောက်နေသလို နေအိမ်တွေကိုလည်း ဝင်ရောက် ဖောက်ထွင်းခိုးယူနေတယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။