Home
မြန်မာသတင်း
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် NUG အစိုးရ ကိုယ်စားလှယ်အဖွဲ့ သွားရောက် ဂါရဝပြု
ဇော်ဇော်လှိုင်
·
July 15, 2022

လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ဂျပန်ဌာနခွဲမှ ကိုယ်စားလှယ် စောဘလှသိန်းနဲ့ ရုံးအဖွဲ့ဝင်တွေက တိုကျိုမြို့ရှိ ဝမ်းနည်းခြင်းအထိမ်းမှတ်နေရာကို ဇူလိုင် ၁၅ ရက်မနက်က သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။

တိုကျိုမြို့၊ နဂတချိုရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရုံးချုပ်မှာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် ရည်စူးဖွင့်လှစ်ထားတဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်မှာ NUG ကိုယ်စားလှယ်အဖွဲ့က လက်မှတ်ရေးထိုးပြီး လွမ်းသူ့ပန်းခြင်းပေးအပ်ကာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး အတွက် ဂါရဝပြု ဆုတောင်းပေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဇူလိုင် ၈ ရက်က နာရာမြို့မှာ သူ့ပါတီအတွက် ရွေးကောက်ပွဲစည်းရုံးဟောပြောနေစဉ် သေနတ်သမားတယောက်ရဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာပါ။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ သူဝန်ကြီးချုပ် တာဝန်ပြန်ယူစဉ် ၂၀၁၃ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်ရေး၊ ဒီမိုကရေစီထွန်းကားရေးအတွက် ကူညီပေးခဲ့သလို မြန်မာက ဂျပန်ကိုပေးဖို့ရှိနေတဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ၅၀၀ ဘီလီယံထဲက ဂျပန်ယန်းငွေ ဘီလီယံ ၃၀၀ ကို ကြွေးမြီလျော်ပေးခဲ့သလို  ပြည်ပချေးငွေ အပါအဝင် စီးပွားရေး အကူအညီတွေကို အလုံးအရင်းနဲ့ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ 

၂၀၁၅ ခု ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအပြတ်အသတ် အနိုင်ရကြောင်းကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံကို ချက်ချင်းလာရောက်ဖို့ ဖိတ်ခေါ်ခဲ့သူ ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက်ကလည်း အန်အယ်လ်ဒီ (စည်းရုံးရေးကော်မီတီ) နိုင်ငံတကာ၊ ဂျပန်ဌာနခွဲက တာဝန်ရှိသူတွေ အပါအဝင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုတွေလည်း ရှင်ဇိုအာဘေးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေရာမှာ သွားရောက်လက်မှတ်ထိုး ဂါရဝပြုခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024