DVB Logo
Home
မြန်မာသတင်း
မဟာဒေဝီ စဝ်သုစန္ဒီအတွက် ရည်စူးပြီး ချင်းမိုင်ရောက် ရှမ်းလူမျိုးများ အောက်မေ့ ဂါရဝပြုပွဲလုပ်
DVB
·
February 11, 2023
မဟာဒေဝီ စဝ်သုစန္ဒီအတွက် ရည်စူးပြီး ချင်းမိုင်ရောက် ရှမ်းလူမျိုးများ အောက်မေ့ ဂါရဝပြုပွဲလုပ်
Donate to DVB

ဖေဖော်ဝါရီ ၆ ရက်က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားခဲ့တဲ့ မဟာဒေဝီ စဝ်သုစန္ဒီအတွက် ရည်စူးပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်ရောက် ရှမ်းလူမျိုးများက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ချင်းမိုင်မြို့၊ ဆီဖုမ်းရပ်ကွက်ရှိ ဝပ်ပါပေါက်ဘုန်းကြီးကျောင်းမှာ အောက်မေ့ဖွယ် ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို ရှမ်းစော်ဘွားမျိုးနွယ်ဝင်တွေ၊ မဟာဒေဝီ စဝ်သုစန္ဒီကို ချစ်ခင်မြတ်နိုးကြသူတွေနဲ့ ချင်းမိုင်ရောက် ရှမ်းအသိုက်အဝန်း၊ ရှမ်းလူငယ်အဖွဲ့အစည်းက လူငယ်တွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

သီပေါမြို့ စော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် Inge Sargent ဟာ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်တာမြို့ နေအိမ်မှာ ဖေဖော်ဝါရီ ၆ ရက်က လူကြီးရောဂါနဲ့  ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ သူဟာ သက်တော် ၉၁ နှစ် ရှိပါပြီ။

ဩစတြီးယားနိုင်ငံသူ မဟာဒေဝီ စဝ်သုစန္ဒီဟာ သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ၁၉၅၃ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး၊ သူ ကွယ်လွန်ချိန်မှာတော့ စဝ်ကိန္နရီနဲ့ စဝ်မာယာရီဆိုတဲ့ သမီးတော်နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ကွယ်လွန်သူ မဟာဒေဝီအတွက် ရည်စူးပြီး ပြည်တွင်းပြည်ပ ရှမ်းအသိုက်အဝန်းနဲ့ ကျန်ရစ်ခဲ့တဲ့ ဆွေတော်မျိုးတော်တွေက အောက်မေ့ဖွယ် ဈာပနအလှူ အခမ်းအနားတွေ ပြုလုပ်ခဲ့ကြတာပါ။

မဟာဒေဝီဟာ သီပေါမှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အကြောင်း၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှု၊ ရက်စက်မှုအကြောင်းတွေ ရေးသားထားတဲ့ "Twilight over Burma: My Life as a Shan Princess" စာအုပ်ကို ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေပြီး စာအုပ် ရောင်းရငွေတွေ အားလုံးကို မြန်မာနယ်စပ် စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါတယ်။

မဟာဒေဝီဟာ ပြည်ပကို ရောက်ပေမယ့် မြန်မာပြည်ကို မမေ့ဘဲ Burma Lifeline ဆိုတဲ့ လူမှုရေးအဖွဲ့တည်ထောင်ပြီး မြန်မာပြည်သူတွေကို တဖက်တလမ်းက ထောက်ပံ့ ကူညီခဲ့ပါတယ်။ သူဟာ မြန်မာ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တက်ကြွစွာ ပံ့ပိုး ကူညီဆောင်ရွက်ခဲ့လို့ ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆု  ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013