DVB Logo
Home
Lead Story
ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကို ပြောင်းလဲစေခဲ့သူ ရှင်ဇိုအာဘေး
DVB
·
July 14, 2022
ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကို ပြောင်းလဲစေခဲ့သူ ရှင်ဇိုအာဘေး
Donate to DVB

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုဟာ သူ့ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)ကိုရော ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံကိုပါ လှုပ်ခါသွားစေခဲ့ပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၇ နှစ်အရွယ် ရှင်ဇိုအာဘေးဟာ ဝန်ကြီးချုပ်တာဝန်ကို နှစ်ကြိမ်ထမ်းဆောင်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ကာလအကြာဆုံး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ် စက်တင်ဘာလကနေ ၂၀၀၇ ခုနှစ် စက်တင်ဘာလအထိ ပထမအကြိမ် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်စဉ်မှာ အာဘေးဟာ အသက် ၅၂ နှစ်အရွယ်ပဲ ရှိသေးတာကြောင့် ဂျပန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ခေါင်းဆောင်တယောက်အဖြစ် သမိုင်းသစ်တွင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကနေ စတင်ကာ ဒုတိယအကြိမ် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တယောက်အဖြစ် နောက်တကြိမ် သမိုင်းသစ်တွင်ခဲ့ပါတယ်။ ၈ နှစ်နီးပါး ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ နာတာရှည် (Ulcerative Colitis) အူလမ်းကြောင်းရောဂါကြောင့် တာဝန်ကနေ အနားယူခဲ့ပါတယ်။

အာဘေနိုမစ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သူ့ရဲ့ ငွေကြေးထိန်းချုပ်မှုမူဝါဒ၊ လိုက်လျောညီထွေရှိတဲ့ ဘဏ္ဍာရေးမူဝါဒနဲ့ ခိုင်မာတဲ့ တိုးတက်ရေးဗျူဟာတို့ကြောင့် နိုင်ငံတကာမှာ နာမည်အရဆုံးနဲ့ အအောင်မြင်ဆုံး ဂျပန်ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ခံရပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေး ခိုင်မာလာစေရေးအတွက် အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ပေးတာနဲ့ ကုန်ဈေးနှုန်းကျဆင်းစေရေးအတွက် ဈေးကွက်ထဲမှာ ငွေကြေးပြန်လည်စီးဆင်းစေဖို့ အစိုးရငွေတိုက်စာချုပ်တွေကို ပြန်လည်ဝယ်ယူတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်အဖြစ် သူ့လက်ထက်မှာ ဂျပန်အစိုးရက နိုင်ငံ GDP ရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုင်ထားခဲ့ရပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာတော့ နိုင်ငံ GDP ရဲ့ ၂၅ ရာခိုင်နှုန်းဝန်းကျင်ကိုသာ အစိုးရက ကိုင်ထားလေ့ရှိပါတယ်။

အာဘေနိုမစ်ဟာ အားလုံးကြိုက်တဲ့ အဖြေတခုတော့ မဖြစ်ခဲ့ပါဘူး။ ဒီဆောင်ရွက်ချက်တွေဟာ လစ်ဘရယ်ဒီမိုကရက်တစ် (LDP) ပါတီတွင်းက သဘောထားမတူညီတဲ့ အဖွဲ့ငယ်တွေကြား စည်းရုံးရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတွေသာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင်အများစုက ပြောကြပါတယ်။ ငွေတိုက်စာချုပ်ပမာဏ အများအပြားကို အစိုးရက လက်ဝယ်ကိုင်ထားတာကြောင့် ဂျပန်ယန်းတန်ဖိုးကို ကျဆင်းစေပြီး သွင်းကုန်တွေရဲ့တန်ဖိုး တိုးမြင့်သွားတာကြောင့် လူထုရဲ့ အခြေခံအသုံးစရိတ်နဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို သွယ်ဝိုက်ပြီး ထိခိုက်စေတယ်လို့ ဆိုပါတယ်။

အာဘေးရဲ့ လက်ထက်အတွင်း ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးသူတွေ အလွန်များပြားလာသလို လုပ်သားလိုအပ်ချက်လည်း အလွန်မြင့်မားလာခဲ့ပါတယ်။ အစိုးရရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း ထုတ်လုပ်နိုင်စွမ်း အနည်းငယ်သာ တိုးတက်ခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းဟာ လုပ်ခလစာ တိုးတက်မှုနှုန်းထက် မြန်ဆန်လာခဲ့ပြီး အမေရိကန်မှာလို သာမန်လူတန်းစားတွေဟာ အချိန်ပြည့်အလုပ်တခုတည်းနဲ့ ရပ်တည်ဖို့ ခက်ခဲလာတာဟာ အာဘေနိုမစ်ကြောင့်ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ရှင်ဇိုအာဘေးကို နိုင်ငံတကာက သတိထားမိခဲ့တဲ့ နောက်တချက်ကတော့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှာ ၂၀၁၆ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ အိုလံပစ်အားကစားပွဲရဲ့ ပိတ်ပွဲအခမ်းအနားမှာ နာမည်ကြီး ဗွီဒီယိုဂိမ်းဇာတ်ကောင် မာရီယိုလိုဝတ်ဆင်ပြီး လူထုကို အံ့အားသင့်စေကာ ၂၀၂၀ ပြည့်နှစ်တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကို မိတ်ဆက် ဖိတ်ကြားခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

အာဏာရ LDP ပါတီထဲမှာ သူ့ရဲ့အဖွဲ့ဟာ အရေးပါတဲ့အဖွဲ့ဖြစ်ပြီး ဝန်ကြီးချုပ်တာဝန်ကို လွှဲပြောင်းပေးပြီးချိန်မှာလည်း အဲဒီအဖွဲ့ထဲမှာ ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူထားဆဲ ဖြစ်ပါတယ်။ သူဟာ ထင်ရှားတဲ့ နိုင်ငံရေးသမား မျိုးဆက်ကနေ ဆင်းသက်လာသူ ဖြစ်တာကြောင့် မင်းသားလို့လည်း သူ့ကို ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၀ ပြည့်နှစ်အထိ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ နိုဘုဆုကိကီရှိဟာ ရှင်ဇိုအာဘေးရဲ့ အမေဘက်ကတော်စပ်တဲ့ အဘိုးဖြစ်ပြီး ရှင်ဇိုအာဘေးရဲ့ အဖေဟာလည်း ၁၉၈၂ ကနေ ၁၉၈၆ အထိ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်တယောက်အနေနဲ့ သူ့ရဲ့အောင်မြင်မှုဟာ အတက်အကျ ရှိနေခဲ့ပေမဲ့လည်း သူ့ရဲ့ LDP ပါတီတွင်းမှာတော့ သူဟာ ဩဇာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့အရိုက်အရာကို ဆက်ခံထားတဲ့ လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာလည်း အာဘေးရဲ့ လောင်းရိပ်ကနေ တိုးထွက်ပြီး သူ့ရဲ့ ကိုယ်ပိုင်ဦးဆောင်မှုကို ပြနိုင်ခြင်း မရှိခဲ့ပါဘူး။

ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့သတင်းကြောင့် ကမ္ဘာတဝန်းမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင်းမှာတော့ လုပ်ကြံခံရသူ LDP ပါတီက မင်းသားရဲ့ အရိုက်အရာကို ဆက်ခံနိုင်လောက်တဲ့ အရည်အချင်းနဲ့ ဩဇာမျိုးရှိသူ LDP ပါတီထဲမှာ ဘယ်သူရှိသေးလဲဆိုတဲ့ မေးခွန်းကို လူတွေ စိတ်ဝင်စားနေကြပါတယ်။

Ref- Nation Multimedia

(ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာရေးသားဖော်ပြထားတဲ့  “Shinzo Abe – ‘prince’ of Japanese politics who rewrote history” ဆောင်းပါးကို ဘာသာပြန်ဖော်ပြသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013