
မန္တလေးမြို့မှာ ဇူလိုင် ၁၃ ရက် မနက် ၁ နာရီခွဲကျော်က စင်တင် စားသောက်ဆိုင်တဆိုင်ကနေ ပြန်လာတဲ့ ကားတစီးကို စစ်ကောင်စီတပ်က သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့ရာမှာ အမျိုးသား သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အမျိုးသား သုံးယောက်ဟာ နိုဘယ် စင်တင်ကနေ ကားနဲ့ အပြန် ၅၉ လမ်းနှင့် သိပ္ပံလမ်းအနီးမှာ စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေ ရပ်တန့်ခိုင်းရာ မရပ်ဘဲ ဆက်လက်မောင်းသွားတဲ့အတွက် နောက်က လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ၇၃ လမ်း နဲ့ ၁၀၂ A လမ်းမှာ တရုတ်ကောင်စစ်ဝန်ရုံးရှေ့အတားအဆီးများကို ဝင်တိုက်မိပြီး လယ်ကျွန်းကို ထပ်မံဝင်တိုက်မိကာ ကားရပ်တန့်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ပစ်ခတ်ဖမ်းဆီးတာကြောင့် ယာဉ်မောင်းမှာ ကျောရိုးနာကျင်ဒဏ်ရာရပြီး ယာဉ်ပေါ်ပါ အမျိုးသား တယောက်က လက်မောင်း နာကျဉ်ဒဏ်ရာနဲ့ နောက်ထပ်အမျိုးသား တယောက်ကတော့ ပေါင်၊ လက်မောင်းတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။