DVB Logo
Home
မြန်မာသတင်း
ပစ်သတ်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၂ ဦး၏ အမှုကို စနစ်တကျ စုံစမ်းရန် NUG ပြည်ထောင်စု ဝန်ကြီးချုပ် ညွှန်ကြား
DVB
·
July 12, 2022
ပစ်သတ်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၂ ဦး၏ အမှုကို စနစ်တကျ စုံစမ်းရန် NUG ပြည်ထောင်စု ဝန်ကြီးချုပ် ညွှန်ကြား
Donate to DVB

ပြီးခဲ့တဲ့တပတ်က စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ စနစ်တကျ စုံစမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်ပါတယ်။

ဇွန် ၁၂ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကိုတော့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တမူးမြို့မှာ အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း အခြေခံအချက်အလက်တွေ ချက်ချင်းစုံစမ်းပြီး ကျနော်တို့ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေက ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ တမူးမြို့နဲ့ မိုရေးမြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေက သိနေကြပေမယ့် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲထားပြီး ဗြောင်လိမ်လည် ငြင်းဆိုထားတယ်။ တကယ်တော့ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်ရက် စက်စွာနှိပ်စက် သတ်ဖြတ် ခြင်းတွေကို အရပ်သား ပြည်သူများအပေါ် ပြုကျင့်လျက်ရှိတယ်။ ဒီလိုပြုကျင့်တဲ့ ဖြစ်ရပ်များစွာရဲ့ ခိုင်လုံသော မှတ်တမ်းမှတ်ရာများကိုလည်း ကျနော်တို့ ရရှိထားပါတယ်။ ဒီလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ တရားမျှတမှု တွေရရှိနိုင်ဖို့ ဆက်လက်လုပ်ဆောင်ဖို့တွေရှိနေတာမို့ ကျနော့်အနေနဲ့တော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး စနစ်တကျစီမံ ဆောင်ရွက်စေချင်ပါတယ်။ တမူးမှာရှိတဲ့ ပအဖတွေ ပကဖ တွေနဲ့ တွေ့ဆုံပြီး အမှုကိစ္စအတွက် ဆက်လက်စုံစမ်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် တရားရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

ဒီကိစ္စဟာ အိမ်နီးနားချင်း ဆက်ဆံရေးအတွက်လည်း အရေးကြီးတဲ့အပြင် အစိုးရတရပ်အနေနဲ့ တာဝန်ရှိနေတာမို့ ကြိုးစားဆောင်ရွက်ပေးစေချင်တယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်ကို နှစ်ပေါင်းများစွာ နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့တဲ့ စစ်အာဏာရှင်တစ်စုကို အပြီးတိုင် မောင်းထုတ်ပြီးမှသာ မြန်မာတစ်နိုင်ငံလုံး နေရာဒေသမရွေး အေးအေးချမ်းချမ်း ပြန်လည်နေထိုင်နိုင်ကြမှာ ဖြစ်တာမို့ အားလုံး အားစိုက်ပြီး ဆက်လက်မောင်းထုတ်ကြဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ဘဏ္ဍာငွေ ၉၅ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် သုံးထားရတာ ဖြစ်ပါတယ်။ ဒါကလည်း ဒီတော်လှန်ရေးအတွက် အင်မတန် ဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ဖို့ဆိုတာ စစ်ရေးကို အရှိန်အဟုန်နဲ့ ဖိဖိစီးစီးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကဏ္ဍဘက်အားစိုက်ဖို့ဆိုရင် ဘဏ္ဍာငွေလိုအပ်ချက်တွေကလည်း ရှိလာမှာ ဖြစ်ပါတယ်။ အခုဆိုရင် တချို့သောတိုက်ပွဲတွေမှာ ခဲယမ်း လိုအပ်ချက်တွေကို နောက်ကလိုက်ပြီး ပြည်သူ့အားနဲ့ ဝိုင်းဝန်းဖြည့်ဆည်းရင်း စီမံနေကြရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေကတော့ အမြဲတာဝန်ကျေကြလွန်းလို့ အမြဲကျေးဇူးတင်ရပါတယ်။ ဒါကြောင့် စီမံဘဏ္ဍာဝန်ကြီးဌာနအနေနဲ့လည်း ကဏ္ဍမျိုးစုံကြိုးပမ်းပြီး ဝင်ငွေတိုးပွားအောင် ကြိုးပမ်းနေကြတာကို အထူးကျေးဇူးတင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဆက်လက်ပူးပေါင်း ကူညီပေးကြဖို့ အားနာစွာနဲ့ပဲ ထပ်မံတိုက်တွန်းလိုပါတယ်။”

ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့ စော်ဘွားရပ်ကွက်မှာ အလည်လာတဲ့  အိန္ဒိယနိုင်ငံသား တမီးလ်လူငယ် ၂ ယောက်ဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

ဇူလိုင် ၆ ရက် နေ့လယ်မှာတော့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအသင်းက ဖုန်းနဲ့ဆက်သွယ်ပြီး သေဆုံးသူတွေဟာ မိုးရေးမြို့က ကီမိုဟန် အသက်၂၈ နှစ်နဲ့ အိုင်ယာနား အသက် ၃၅ နှစ်တို့ဖြစ်ကြောင်း ပြောလာတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောပါတယ်။

အဲဒီလို ပစ်သတ်ခံခဲ့ရတဲ့ ဇူလိုင် ၆ ရက် ညနေ ၃ နာရီလောက်မှာပဲ အိန္ဒိယဘက်အခြမ်းမှာ လူ ၅၀ လောက်က ဆန္ဒပြခဲ့သလို လက်ဖက်ရည်ဆိုင်တဆိုင်ကို ခဲနဲ့ပစ်ပေါက်ခဲ့ကြပြီး မိုးရေး နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံ လုံခြုံရေးအဖွဲ့တွေက ဖြေရှင်းပေးလိုက်လို့ ဆန္ဒပြသူတွေ အေးအေးချမ်းချမ်း ထွက်သွားကြတယ်လို့လည်း ဆိုပါတယ်။

တမူး PDF ကတော့ အဆိုပါ အိန္ဒိယနိုင်ငံသား ၂ ယောက်ကို ဇူလိုင် ၅ ရက်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဖြစ်ကြတဲ့ ဖိုးစိန်နဲ့ ဇော်ရဲတို့က ပစ်သတ်ခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013