DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်၌ ကရင်အရပ်ဘက်လူမှုအဖွဲ့ဝင် ၁ ဦး သတ်ဖြတ်ခံရမှုအပေါ် ကေအန်ယူ ရှုတ်ချ
DVB
·
July 11, 2022
ညောင်လေးပင်ခရိုင်၌ ကရင်အရပ်ဘက်လူမှုအဖွဲ့ဝင် ၁ ဦး သတ်ဖြတ်ခံရမှုအပေါ် ကေအန်ယူ ရှုတ်ချ
Donate to DVB

ညောင်လေးပင်ခရိုင်မှာ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းအဖွဲ့ဝင် ဒေသခံတယောက်ဖြစ်တဲ့  စောလားကပေါ် (ခ) ဖားဘော် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အပေါ် ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။ 

တပ်မတော်၊ မည်သည့် လက်နက်ကိုင်အဖွဲ့၊ အမိန့်ပေးသည့်အရာရှိ၊ အမိန့်ကို နာခံပြီး ကျူးလွန်ခဲ့သူ မည်သူမဆိုဟာ လူ့အခွင့်အရေးနဲ့ လူသားကျင့်ဝတ်၊ ဘာသာရေးကျင့်ဝတ်နဲ့ လူမှုရေးကျင့်ဝတ်တွေ ချိုးဖောက်တာဖြစ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ဒေသငြိမ်းချမ်းရေးကို ပျက်စေတဲ့အတွက် ကန့်ကွက် ရှုတ်ချတာလို့လည်းဆိုပါတယ်။

စောလားကပေါ်ဟာ ဇူလိုင် ၄ ရက်က ညောင်လေးပင်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေ အတွက် ရိက္ခာနဲ့ တခြားလိုအပ်တဲ့ အရာတွေကို ဝယ်ယူဖို့အသွားမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

စောလားကပေါ်ဟာ ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တဦးဖြစ်သလို ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီရဲ့ ကွင်းဆင်း ဝန်ထမ်းတဦးလည်း ဖြစ်ပါတယ်။

သူဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့  ဩဇာခံမှ မဟုတ်သလို ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တစ်စိုက်မတ်မတ် ကျရာ အခန်းကဏ္ဍမှာ တာဝန်ကျေစွာ ထမ်းဆောင်တတ်တဲ့ အရပ်သားတယောက်သာာဖြစ်ကြောင်း ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သူ့ကို သတ်ဖြတ်သွားသူတွေဟာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ကေအန်ယူ တာဝန်ရှိတယောက်က  ပြောပါတယ်။

“သူက စစ်ရှောင်တွေအတွက် ဆန်သွားဝယ်ပေးဖို့သွားတာ။ သွားတာ စစ်တပ်ဂိတ်ကို ဖြတ်ပြီးတော့ကိုသွားတာ။ ဒါပေမဲ့ သူ့ကို မသိကြဘူး၊ ဒါပေမဲ့ ပျူစောထီးအဖွဲ့တွေက သူ့ကို သိတယ်။ ဘာလို့လဲဆိုတော့ ပျူစောထီးတွေက ရွာသားတွေပဲလေ။ အဲတော့ ပျူစောထီးအဖွဲ့က သူ့ကို သတ်လိုက်တာ။” 

စောလားကပေါ်ဟာ သတ်ဖြတ်ခံရတဲ့နေ့က စစ်ရှောင်တွေအတွက် လိုအပ်တဲ့ပစ္စည်းဝယ်ယူဖို့ ငွေကျပ် သိန်း ၅၀ သူ့နဲ့အတူ ပါသွားပြီး အဲဒီငွေတွေကိုပါ  လုယူခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ငွေကျပ်သိန်း ၅၀ ဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်တွေရဲ့ လက်ရှိ အဓိက လိုအပ်နေတဲ့ ဆန်နဲ့ အမိုးအကာ ဝယ်ယူဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မုန်းမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေကို  ဒရုန်းတွေနဲ့ လိုက်လံထောက်လမ်းတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာအပြင်  ရွာတွေအတွင်းသို့ ဝင်ရောက် မွှေနှောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေကို ဖမ်းယူစားသောက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ပြီး မိမိတို့ရဲ့ ကျေးရွာကို မပြန်နိုင်သေးပါဘူး။

လက်ရှိမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့  ဒေသခံပြည်သူတွေရဲ့  စားဝတ်နေရေးပြဿနာ၊ ကျန်းမာရေးပြဿနာ အခက်အခဲ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ရပါတယ်။

လက်ရှိအချိန် မုန်းမြို့နယ်အတွင်း တိမ်းရှောင်နေကြရတဲ့ ကျေးရွာ ၄၈ ရွာရှိပြီး လူဦးရေ ၅၅,၀၀၀  ရှိကြောင်းလည်း ကေအန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013