DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအသစ်ကို လုံးဝအသိအမှတ်မပြု လက်မခံဟု အန်အယ်လ်ဒီကြေညာ
DVB
·
July 9, 2022
ရွေးကောက်ပွဲအသစ်ကို  လုံးဝအသိအမှတ်မပြု လက်မခံဟု အန်အယ်လ်ဒီကြေညာ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့  ရွေးကောက်ပွဲအသစ်ကို  လုံးဝအသိအမှတ်မပြု လက်မခံတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇူလိုင်  ၉   ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

စစ်ခေါင်းဆောင်တစုက ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ  အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီကိုဆန့်ကျင် တော်လှန်မှုတွေ နိုင်ငံတဝန်းပေါ်ပေါက်ခဲ့ပြီး တိုင်းပြည်အခြေအနေမှာ လွန်စွာဆိုးဝါးလှတဲ့ အခြေအနေသို့ ရောက်ရှိနေစဉ် စစ်ကောင်စီက ပြည်သူလူထုနဲ့ နိုင်ငံတကာကိုလှည့်စားဖို့ နောက်ထပ်ရွေးကောက်ပွဲတခု ကျင်းပဖို့ ကြံစည်အားထုတ်နေတဲ့အတွက်  ဒီရွေးကောက်ပွဲသစ်ကို ဆန့်ကျင်တဲ့ အကြောင်း အန်အယ်လ်ဒီပါတီက သဘောထားထုတ်ပြန်လိုက်တာပါ။ 

အာဏာသိမ်းစစ်ကောင်စီရဲ့ အဓမ္မအာဏာရယူမှုဟာ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းအတည်ပြုထားတဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိရုံမက နိုင်ငံတော်သမ္မတကသာလျှင် ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုဟာလည်း တရားဝင်မှုမရှိတဲ့အတွက်  ရွေးကောက်ပွဲအပါအဝင် ဒီအဖွဲ့ရဲ့ဆောင်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်အားလုံးဟာ ဘယ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့မှ ညီညွတ်မှုမရှိလို့ လုံးဝအသိအမှတ်မပြု လက်ခံမှာ မဟုတ်ပါကြောင်း  အန်အယ်လ်ဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

၂၀၂၀ နိုဝင်ဘာလ ၈ ရက်အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ်ရှိရာ ၁၁၁၇ နယ်မှာ ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာမှာ ပြည်သူ့လွှတ်တော်မှာ ၇,၅၁၂,၈၅၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၂၇၄၉၅၅၅၅ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ  ၃၀၄၅၉၁၁၃ ဦး  လာရောက်မဲပေးခဲ့လို့ ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်းအနိုင်ရရှိပြီး  လွှတ်တော်ကိုယ်စားလှယ်  ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံတကာသံတမန်တွေ၊ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေနဲ့ လေ့လာသူအရပ်ဖက်အဖွဲ့အစည်းတွေကလည်း  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။

စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကတော့ ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့် အစိုးရဖွဲ့ခွင့် မရတော့တဲ့အတွက် စစ်တပ်က မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်  သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေနဲ့ ပါတီ ထောက်ခံသူတွေကို ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချ၊ သတ်ဖြတ်၊ နေအိမ်တွေ ချိပ်ပိတ်၊ မီးရှို့ဖျက်ဆီး နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013