DVB Logo
Home
မြန်မာသတင်း
လားဟူဒီမိုကရက်တစ်အစည်းအရုံးနှင့် စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေး
DVB
·
July 7, 2022
လားဟူဒီမိုကရက်တစ်အစည်းအရုံးနှင့် စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေး
1 / 2
Donate to DVB

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)အ ထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၇ ရက်က  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့မွန်းလွဲ ၂ နာရီမှာ စစ်ခေါင်းဆောင်နဲ့  နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး  တွေ့ဆုံရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်၊ တစ်နိုင်ငံလုံး တိုင်းရင်းသား ဒေသပါမကျန် ပညာရည်မြှင့်တင်ရေးကို စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့တယ်လို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ကိုယ်စားလှယ်တွေကလည်း ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စတွေတင်ပြခဲ့ပြီး ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မနက်ဖြန် ဇူလိုင် ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာတော့ စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့  တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ 

လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU)ဘက်ကတော့   အထွေထွေအတွင်း ရေးမှူးနဲ့အတူ တွဲဖက်အတွင်းရေးမှူး(၂) ကျာယာကုပ်နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကျာဖူးတို့ တက်ရောက်ကြပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၅ ရက်က  နေပြည်တော်သို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အခုလို စစ်ခေါင်းဆောင်နဲ့ တွေ့ရေး ၊ မတွေ့ရေးနဲ့ပတ်သက်ပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU)အဖွဲ့အတွင်းမှာ ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့  ဧပြီလ ၂၂ ရက်က   ဖိတ်ခေါ်ခဲ့တာမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားခဲ့တာဖြစ်ပြီး အဲဒီထဲက အခု လားဟူအဖွဲ့အပါအဝင် အဖွဲ့ ၉ ဖွဲ့ကတော့ နေပြည်တော်ကို သွားရောက် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုလက်ခံပြီး နေပြည်တော်သွားခဲ့တဲ့ အဖွဲ့ ၉ ဖွဲ့ကတော့   ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ၊  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)နဲ့  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နဲ့ အခု လားဟူဒီမိုကရက်တစ်အစည်းအရုံး( LDU) တို့ဖြစ်ကြပါတယ်။

စာရင်းပေးထားတဲ့ အဖွဲ့တွေထဲမှာ တွေ့ဆုံဖို့ နောက်ဆုံးကျန်နေတဲ့ အဖွဲ့ကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) အဖွဲ့ဖြစ်ပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013