DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရသည့်အပေါ် ကန့်ကွက်ရှုတ်ချ ဆန္ဒပြ၊ မြန်မာရဲကင်းကို မီးရှို့
DVB
·
July 7, 2022
အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရသည့်အပေါ် ကန့်ကွက်ရှုတ်ချ ဆန္ဒပြ၊ မြန်မာရဲကင်းကို မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အသတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား နှစ်ယောက်ရဲ့ အလောင်းတွေ ပြန်ရရှိရေးအတွက် မိုးရေးရဲစခန်းရှေ့မှာ ဒေသခံ အိန္ဒိယပြည်သူတွေက စုရုံးဆန္ဒပြခဲ့ကြသလို အိန္ဒိယ-မြန်မာ နယ်နိမိတ်အနီးက မြန်မာရဲကင်းကိုလည်း မီးရှို့ခဲ့ကြပါတယ်။

မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ နေထိုင်သူတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံသား တမီးလ်လူမျိုး Mr. Mohan အသက် (၂၈ နှစ်) နဲ့ Mr. M Iyarnar အသက် (၃၅ နှစ်) တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက် နေ့လယ် ၁ နာရီလောက်က မြန်မာဘက်ခြမ်း တမူးမြို့ရှိ မိတ်ဆွေဆီ အလည်လာရာမှ စော်ဘွားရပ်ကွက်၊ အ.မ.က (၄) စာသင်ကျောင်းအနီးမှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို တမူးမြို့ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ သိရပြီး မြန်မာစစ်ကောင်စီဘက်က ပြန်မပေးသေးတာကြောင့် ဇူလိုင် ၆ ရက် မနက်ပိုင်းက စတင်ကာ မိုးရေးရဲစခန်းရှေ့မှာ ဒေသခံ အိန္ဒိယပြည်သူတွေက အလောင်းတွေ ပြန်လည်ရရှိရေးအတွက် စုရုံးဆန္ဒပြခဲ့ကြပြီး နေ့လယ် ၂ နာရီကျော်လောက်မှာ အလောင်းတွေ ထုတ်မပေးသေးတဲ့အတွက် အိန္ဒိယ-မြန်မာ နယ်နိမိတ်အနီးက မြန်မာရဲကင်းကို မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံသား နှစ်ယောက် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း တမူးမြို့နယ် PDF ဖြစ်တဲ့ People's Defence Force - Tamu ကလည်း ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံသား နှစ်ယောက်ကို လုပ်ကြံသတ်ဖြတ်မှုဟာ စစ်ကောင်စီရဲ့ လက်ပါးစေ ပျူစောထီးအဖွဲ့တွေရဲ့ လက်ချက်ဖြစ်ပြီး မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့တွေနဲ့ သူတို့ရဲ့ လက်ပါးစေအဖွဲ့တွေက ဥပဒေမဲ့လုပ်ရပ်ကို ကျူး‌လွန်နေကြတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အပြစ်မဲ့မြန်မာပြည်သူတွေကိုသာမက နိုင်ငံခြားသားတွေကိုပါ ဥပဒေမဲ့ သတ်ဖြတ်လာသည့် အနေအထားသို့ ရောက်ရှိလာကြောင်း မိုးရေးမြို့မှ သေဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသား နှစ်ယောက်အတွက် မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ပျူစောထီးနဲ့ စစ်ကောင်စီ လက်ပါးစေတွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013