DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ကားဈေးကွက် အရောင်းအဝယ်အေးနေ
DVB
·
July 6, 2022
ရန်ကုန် ကားဈေးကွက် အရောင်းအဝယ်အေးနေ
Donate to DVB

ရန်ကုန်မြို့ ကားအရောင်းအဝယ်ဈေးကွက်မှာ ကားဈေးတွေတက်နေပေမဲ့ အရောင်းအဝယ်က မဖြစ်သလောက် အေးနေတယ်လို့  ကား ဝယ်ရောင်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ကားတင်သွင်းခွင့် မူဝါဒ ကန့်သတ်ချက်တွေကြောင့် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်ရှိ  ဂျပန် (used car) ကား တစီးရဲ့ တန်ဖိုးဟာ အရင်ကကျပ် သိန်း ၂၀၀ အောက်သာရှိခဲ့ရာကနေ  လက်ရှိမှာတော့ ကျပ်သိန်း ၅၀ နဲ့ ၁၀၀ ကြား ဈေးမြင့်သွားခဲ့ပြီး ကျပ်သိန်း ၃၀၀ အထက်ရှိတဲ့ ကားတစီးကလည်း ကျပ်သိန်း ၆၀၀ ကျော်အထိရှိလာလို့ နှစ်ဆနီးပါး ဈေးတက်လာပါတယ်။

ကားဝယ်ရောင်းသမားတဦးက “လက်ရှိကတော့ အရောင်းအဝယ်က တော်တော့်ကို အေးတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆို အရင်ကဆိုရင် ကားတစီး တင်လိုက်တာနဲ့ ဝုန်းခနဲ ခဏလေးပဲ ဝယ်သွားလိုက်ကြတာနော်။ အခုတော့ အဲ့ဒီ့လိုမျိုး မရှိတော့ဘူး။ ဒါပေမဲ့ ဈေးကတော့ မကျဘူး။ အားလုံးက မာမာချည်းပဲ၊ ဈေးတင်းခံနေတာပေါ့။ ဘာလို့လဲဆို ပေါ်လစီက တချက်ပြောင်းသွားတာနဲ့ ဈေးကလည်း ပါသွားတာ ဆိုတော့ ကားကို လက်မလွှတ်ရဲကြဘူး။ ဒီကာလမှာတော့ အားလုံးက စောင့်ကြည့်နေကြတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ လိုအပ်ချက် ရှိနေတာကြောင့် ကားပါမစ်(ပြည်ပမှ ကားအသစ် တင်သွင်းခွင့်)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ရပ်ဆိုင်းခဲ့တာပါ။ 

ဒီ့နောက် ၂၀၂၂ ခုနှစ်အတွက် ကားတင်သွင်းခွင့် မူဝါဒ ထုတ်ပြန်တဲ့အခါ ကားသစ်တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး အရောင်းစင်တာ(showroom)လုပ်ငန်းလိုင်စင်ရရှိထားတဲ့သူတွေကို ချန်လှပ်ထားခဲ့ တဲ့အပြင် brand new car showroom လုပ်ငန်းလိုင်စင်ရှိတဲ့သူတွေကိုလည်း အစီးအရေ အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပေးပါတယ်။

ဒါပေမဲ့ အခွင့်ထူးခံတွေ အပါအဝင် မကြာသေးခင်က ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ အားကစားသမားတွေအတွက် အထူးပါမစ်တွေ ထုတ်ပေးပြီး ကားတင်သွင်းခွင့် ပေးထားတဲ့အကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇွန်လ ၁ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

“အထူးပါမစ်နဲ့ တင်သွင်းခွင့် ပေးထားတာက လွဲရင် ကျန်တဲ့ဟာတွေကို လောလောဆယ် ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ဆိုင်ရင် ဆောင်ရွက်ပါမယ်။ အထူး ကိစ္စရပ်အနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ဟာတွေကိုတော့ ကန့်သတ်မှုတွေ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။”

ကားတင်သွင်းမှုအပေါ် အခုလို ကန့်သတ်ထားတဲ့ စစ်ကောင်စီရဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် ရန်ကုန်ကားဝယ်ရောင်း ဈေးကွက်မှာ ကားဈေးနှုန်းတွေဟာ အတက်ဘက်ဆီ ဦးတည်လာပြီး ဈေးကွက်ကလည်း ကမောက်ကမဖြစ်နေတယ်လို့ ကားအရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။

ဝါရင့်ကားဝယ်ရောင်းသမားတဦးက “သူတို့လုပ်နေတဲ့ ပုံစံက အရင်ခေတ်ကလိုမျိုး ပြန်ဖြစ်အောင် လုပ်နေတာ။ ကြားဖူးမှာပေါ့။ တိုယိုတာ ဖင်ကောက် တစီးကို ကျပ်သိန်း ၁၂၀၀ အထိ ရောင်းခဲ့ကြတာလေ။ အဲ့လို ဖြစ်အောင် သူတို့ပဲလုပ်ခဲ့တာနော်။ သူများနိုင်ငံတွေမှာ လွှင့်ပစ်ဖို့အတွက် နေရာမရှိတော့တဲ့ ကားတွေက ဒို့ဆီမှာ အဲ့ဒီ့လိုဈေးတွေ ဖြစ်နေရတယ်။ အဲ့တော့ ဖြစ်နိုင်ခြေရှိတာက မဝင်တော့ဘူးဆိုရင် ဈေးက ထပ်တက်လာမှာပဲ။ ဈေးကွက်ကို သွားပြီး ထိန်းချုပ်လိုက်ရင် အဲ့လိုမျိုး ဖြစ်လာမှာ အသေအချာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တဖက်မှာလည်း ပြည်တွင်းမှာ SKD (Semi Knocked Down) စနစ်နဲ့ ဂျပန်နိုင်ငံက လာရောက်တပ်ဆင်ထုတ်လုပ်တဲ့ ဆူဇူးကီးအမှတ်တံဆိပ် ဆီးရီးယက်အမျိုးအစား Q အက္ခရာတန်းက ဝယ်ဈေး ကျပ် သိန်း ၂၈၀ ဝန်းကျင် သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် သိန်း ၃၅၀ အထိ ဈေးပေါက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013