Home
မြန်မာသတင်း
တမူးမြို့တွင် အိန္ဒိယနိုင်ငံသား တမီးလ်အမျိုးသား ၂ ဦး ပစ်သတ်ခံရ
DVB
·
July 6, 2022
292093285_560865805682093_5716264116267202254_n
291864889_560865639015443_4478155809980720870_n

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊  စော်ဘွား ၉ ရပ်ကွက်ရှိ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက အိန္ဒိယနိုင်ငံသား တမီးလ် အမျိုးသား နှစ်ယောက် ပစ်သတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရသူတွေဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့ကနေ တမူးမြို့က မိတ်ဆွေတွေဆီ လာရောက်လည်ပတ်တဲ့ သာမန်အရပ်သားတွေ ဖြစ်ကြပြီး အသက် ၂၈ နှစ်အရွယ် နဲ့ ၃၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

တမူးမြို့ ဒေသခံတဦးက “အဲ့ဒီ စော်ဘွားရပ်ကွက်ဆိုတာ ပျူစောထီးတွေ ကြီးစိုးတဲ့ ရပ်ကွက်ပါ။ သူတို့ပဲ ပစ်သတ်တာပါ။ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသား နှစ်ယောက်ကို တားဆီးစစ်ဆေးတယ်။ သေဆုံးသူတွေက မြန်မာစကားလည်း မတတ်တော့ ဘယ်လိုပြဿနာတွေ ဖြစ်တယ်မသိဘူး။ ပစ်သတ်ပစ်တာ။ ငွေလဲတဲ့သူတွေလို့လည်း ပြောကြတယ်။ တယောက်က သုံးဘီးမောင်းတယ်။ သူတို့တွေက တမူးမြို့နဲ့ မိုးရေးကို ပစ္စည်းကယ်ရီပို့တဲ့သူတွေလို့လည်း ပြောကြတယ်။” လို့ ပြောပါတယ်။

အဆိုပါ တမီးလ်အမျိုးသား နှစ်ယောက် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားပြီး အမည်မသိ အမျိုးသား နှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့တွေက တရားခံ အကြမ်းဖက်သမားတွေကို ရှာဖွေဖော်ထုတ်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပစ်ခတ်ခံရတဲ့ အမျိုးသား နှစ်ယောက်ကို တမူးမြို့ဆေးရုံ ပို့ဆောင်ထားပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က ဒေသခံတွေကလည်း သေဆုံးသွားသူ နှစ်ယောက်ရဲ့ အလောင်းကို ပြန်လည်သယ်ဆောင်ခွင့်ပြုဖို့ မနေ့ညနေပိုင်းနဲ့ ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ လူအင်အား ၂၀၀ ဝန်းကျင်နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်တနေရာမှာ လာရောက်တောင်းဆို ဆန္ဒပြနေပြီး မြန်မာစစ်တပ်ဘက်ကတော့ တုံ့ပြန်တာမရှိဘူးလို့ ကူကီးလူငယ်တဦးက ပြောပါတယ်။

တမူး PDF ပြောရေးဆိုခွင့်ရှိသူတဦးက “စစ်ကောင်စီဘက်က အမျိုးသား နှစ်ယောက်ကို ပစ်သတ်တဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေနေတယ်ဆိုတာ ဝါဒဖြန့်တာသာဖြစ်ပြီး ကျနော်တို့ တမူး PDF တွေအနေနဲ့ လုပ်ဆောင်ခြင်းမရှိဘူး။ စော်ဘွားရပ်ကွက်ဆိုတာ ပျူရပ်ကွက်၊ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေသာ လုပ်ဆောင်ခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီ စော်ဘွားရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ကင်းပုန်းချတာတွေ၊ ရပ်ကွက်အတွင်း လှည့်လည်စစ်ဆေးတာတွေ၊ ဂိတ်စခန်းချ စစ်ဆေးတာတွေ ပြုလုပ်နေပြီး မြို့ခံတွေကတော့ အဆိုပါ စော်ဘွားရပ်ကွက်ကို သွားလာတာ မရှိဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ သတင်းဌာနတွေမှာတော့ တမီးလ်အမျိုးသား နှစ်ယောက်ကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

တမူးမြို့ဟာ မြန်မာ-အိန္ဒိယ  နယ်စပ်မျဥ်းဘေးမှာ တည်ရှိပြီး အခုလို အိန္ဒိယနိုင်ငံသား နှစ်ယောက် အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြို့ခံတွေအနေနဲ့ စိုးရိမ်ကြောက်လန့်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024