DVB Logo
Home
မြန်မာသတင်း
ကြားကာလပညာရေး အွန်လိုင်းမှ ပညာသင်နေသည့်ကျောင်းသားများ သင်ထောက်ကူပစ္စည်း လိုအပ်နေ
DVB
·
July 4, 2022
ကြားကာလပညာရေး အွန်လိုင်းမှ ပညာသင်နေသည့်ကျောင်းသားများ သင်ထောက်ကူပစ္စည်း လိုအပ်နေ
Donate to DVB

စစ်ကောင်စီလက်အောက် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ မတက်ရောက်ဘဲ အွန်လိုင်းကနေ ပညာသင်ယူနေတဲ့ ကျောင်းသားတွေအတွက် သင်ထောက်ကူ ပစ္စည်းတွေကို လှူဒါန်းဖို့ နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိ ဒေါက်တာသိန်းလွင်က တိုက်တွန်းလိုက်ပါတယ်။  

ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်ကောင်စီဘက်က အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပြန်လည် ဖွင့်လှစ်ခဲ့ရာမှာ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက် ပညာသင်ကြားတဲ့ ကျောင်းသားတွေရှိသလို ကျောင်းမတက်ဘဲ စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ပြီး NUG အစိုးရက ဖော်ဆောင်တဲ့ ကြားကာလ ပညာရေး အစီအစဉ်တွေကို အွန်လိုင်းကနေ တက်ရောက်သင်ယူတဲ့ ကျောင်းသားတွေလည်း ရှိနေပါတယ်။

NUG အစိုးရက မြို့နယ်အလိုက် အွန်လိုင်းကနေ ကျောင်းတွေ တက်ကြဖို့ တိုက်တွန်းနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ကျောင်းသားလူငယ်တွေအတွက် သင်ထောက်ကူ ပစ္စည်းတွေ ဖြစ်တဲ့ ဖုန်း၊ ကွန်ပျုတာနဲ့ အင်တာနက်အသုံးပြုဖို့တွေ လိုအပ်နေတာကြောင့် နိုင်ငံတကာရောက် မြန်မာအသိုင်းအဝိုင်းအနေနဲ့ ကူညီပေးကြဖို့ ဒေါက်တာ သိန်းလွင်က တိုက်တွန်းလိုက်ပါတယ်။

“လူငယ်ဆိုတော့ အလုပ်အကိုင်လည်းမရှိဘူး၊ ဝင်ငွေလည်းမရှိဘူးဆိုတော့ သူတို့ကိုယ်တိုင် မဝယ်နိုင်ကြဘူးလေ။ သူတို့သုံးတတ်တယ်၊ သူတို့မှာမဝယ်နိုင်တော့ အဟောင်းလေးတွေနဲ့ သုံးနေကြတယ်။ ခက်ခက်ခဲခဲကြားထဲကနေ၊ အဲဒီအတွက် သူတို့ကို အင်တာနက်အသုံးပြုနိုင်မယ် ကိရိယာပေါ့၊ မိုဘိုင်းဖုန်းတို့၊ Tablet တို့၊ ကွန်ပျူတာတို့ သူတို့ကို လှူဒါန်းမယ်ဆိုရင်ပေါ့။ လူငယ်တွေ အများကြီး သုံးနိုင်မယ်။ အင်တာနက်မရှိရင်လည်း သုံးလို့ရတဲ့ နည်းစနစ်တွေရှိတယ်။ အဲဒါတွေကို ဝိုင်းပြီးတော့ နည်းစနစ်တွေလည်း ပံ့ပို့ပေးမယ်။ ပစ္စည်းတွေလည်း ပံ့ပို့ပေးမယ်ဆိုရင်၊ လူငယ်တွေသင်နိုင်တဲ့ အခွင့်အရေး အများကြီးရမှာပါ။ အဲတော့ ကူညီပေးဖို့လည်း ကျနော်တိုက်တွန်းချင်ပါတယ်။”

အခုခေတ်လူငယ်အများစုက နည်းပညာနဲ့ပတ်သတ်ပြီးသင်လွယ်တတ်လွယ်ပေမဲ့ မြို့နေလူငယ်တွေအတွက်တောင်နည်းပညာအသုံးပြုနိုင်ဖို့ ရာခိုင်နှုန်း  နည်းပါးနေသေးတာကြောင့် တာဝန်ရှိသူတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ဒီနေ့ခေတ်လူငယ်တွေက နည်းပညာကောင်းကောင်းကျွမ်းကျင်တယ်။ သူတို့ ဘယ်လို လေ့လာရမလဲဆိုတာသူတို့သိတယ်။ သူတို့နားလည်တယ်။ ဒါပေမဲ့ အခက်အခဲက ဘာလဲဆိုတော့ နည်းပညာအသုံးပြုနိုင်မှုအခွင့်အလမ်းက မညီမျှတာပေါ့။ ဒီလူငယ်တွေမှာ နည်းပညာအသုံးပြုနိုင်တဲ့ နည်းလမ်းရှိတယ်။ ဒါပေမဲ့ ကျနော်တို့ တာဝန်ရှိတဲ့လူဘက်က လူတိုင်းလူတိုင်းမှာ နည်းပညာအသုံးပြုနိုင်အောင် ကျနော်တို့ မဖန်တီးပေးနိုင်ဘူး။ ဆိုတော့ အင်တာနက်သုံးနိုင်တဲ့ ရာခိုင်နှုန်းက မြို့တွေမှာတောင် ၂၀ ရာခိုင်နှုန်းပဲရှိတယ်။ ကျေးလက်ဒေသတွေ၊ တောင်ပေါ်ဒေသတွေမှာ အင်တာနက်လည်းမရှိဘူး။ လျှပ်စစ်မီးလည်းမရှိဘူး။ နည်းပညာလည်းမသိဘူး။ အသုံးပြုရမယ့်ကိရိယာတွေလည်း သူတို့မှာ မရှိဘူး။ ဆိုတော့ နည်းပညာ လက်လှမ်းမမှီဘူး။ ဆိုတော့လူငယ်တွေမှာ သူတို့နည်းပညာ ကျွမ်းကျင်တယ်။ သူတို့ခဏလေးနဲ့တင်တတ်တယ်။ ကျနော်တို့ တာဝန်ရှိတဲ့လူတွေစီစဉ်ပေးဖို့က နည်းပညာကို လူတိုင်းအသုံးချနိုင်အောင် ဖန်တီးပေးဖို့ပေါ့။”

လက်ရှိမှာ အွန်လိုင်းနဲ့သင်တဲ့စာသင်ကျောင်းပေါင်း  ၅၀ လောက်ပေါ်လာပြီး ကျောင်းသား ကျောင်းသူ ၁ သန်းကျော်ရှိကြောင်းနဲ့ လူငယ်တွေ ပညာသင်ယူရမယ့်အရွယ်မှာ သူတို့ မသင်နိုင်ကြတဲ့အတွက် လူငယ်တယောက်ချင်းစီရဲ့ အနာဂတ်ဘဝ ထူထောင်ဖို့အတွက်ကော တိုင်းပြည်ရဲ့အနာဂတ်ထူထောင်ဖို့အတွက်ပါ အများကြီး စိုးရိမ်ထိတ်လန့်စရာကောင်းတယ်လို့ ဒေါက်တာ သိန်းလွင်ကပြောပါတယ်။ 

အွန်လိုင်းကသင်ဖို့အတွက် တချို့ကျောင်းတွေက ကျောင်းသားမိဘတွေကိုအရင် Viper တွေ Telegram တွေကနေ နည်ပညာပိုင်းဆိုင်ရာတွေကို သင်ပေးဖို့အတွက်စီစဉ်ပေးထားပေမဲ့ အွန်လိုင်းက သင်ရာမှာ လုံခြုံစိတ်ချရမှု မရှိဘူးဆိုပြီး ကျောင်းသား မိဘတချို့ကတော့ ပြောပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အခြေခံပညာနဲ့ တက္ကသိုလ်အဆင့်တွေမှာ ကျောင်းမပြန်တက်တဲ့ ကျောင်းသားတွေအတွက် ကြားကာလ ပညာရေးကို ဖော်ဆောင်နေပေမယ့် လက်လှမ်းမမီတဲ့ ကျောင်းသားတွေလည်း ရှိနေပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အစီအစဉ်တွေနဲ့ ပညာသင်ကြားပေးတာတွေ ရှိပါတယ်။ စစ်ကောင်စီကတော့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်တဲ့ ကျောင်းသား ကျောင်သူအရေအတွက်ဟာ ၅ ဒသမ ၆ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တကယ်တမ်းမှာ ကျောင်းသား ၆၀ ရာခိုင်နှုန်းလောက်တောင်  စစ်ကောင်စီ လက်အောက်ခံ ကျောင်းတွေမှာ မတက်ကြဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကျောင်းမတက်နိုင်တဲ့ ကျောင်းနေအရွယ် လူငယ်တွေ နှစ်ဆတိုးသွားပြီး ၇ ဒသမ ၈ သန်းလောက် ကျောင်းပြင်ပရောက်ခဲ့တယ်လို့ Save the Children အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်  လူ့အခွင့်အရေးချိုးဖောက်ခံရပြီး သေဆုံးခဲ့တဲ့ ကလေးသူငယ် အရေအတွက်ဟာ ထိတ်လန့်စရာကောင်းအောင်များပြားနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံပြောကြားလိုက်ပါတယ်။

အသက်မပြည့်သေးတဲ့ကလေးတွေ ၁,၄၀၀ ကျော်ဖမ်းဆီးခံရတာ  ၃၈၂ ယောက်က အသတ်ခံရတာ ဒါမှမဟုတ် သေရာပါဒဏ်ရာရခဲ့တာနဲ့ ၁၄၂ ယောက်ကတော့ စစ်ကြောရေးမှာ ထိန်းသိမ်းခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ သောမတ်စ်အန်ဒရူးစ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုတနှစ်အတွင်းမှာပဲ ကလေးငယ်ပေါင်း ၃၃,၀၀၀ လောက်ဟာ  ပုံမှန်ကာကွယ်ဆေးမထိုးနိုင်တဲ့အတွက် ကာကွယ်နိုင်တဲ့ရောဂါတွေနဲ့ သေဆုံးနိုင်ဖွယ်ရှိနေပြီး ကလေးငယ် ၅ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013