DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်တွင်း တပ်ရင်းမှူးများ သေဆုံးဒဏ်ရာရသူများနေ
DVB
·
July 4, 2022
စစ်ကောင်စီတပ်တွင်း တပ်ရင်းမှူးများ သေဆုံးဒဏ်ရာရသူများနေ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့နဲ့ သဲကုန်းမြို့နယ် အင်းမခြေစိုက် တပ်မ (၆၆) လက်အောက်ခံတပ်ရင်း ၁၀ ခုက  တပ်ရင်းမှူးအဆင့်ရှိ အရာရှိတွေ သေဆုံး ဒဏ်ရာရတာသူ များနေတယ်လို့ အဆိုပါတပ်နဲ့ နီးစပ်တဲ့ တပ်ရေးဗိုလ်ကြီး တယောက်ထံက  သိရပါတယ်။

စစ်ကောင်စီတပ်မှာ တပ်မတစ်ခုကို တပ်ရင်း ၁၀ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်လို့  တပ်မတစ်ခုမှာ တပ်ရင်းမှူး ၁၀ ယောက်ရှိပါတယ်။

တပ်မ ၆၆ လက်အောက်မှာရှိတဲ့ တပ်ရင်း ၁၀ ခုမှာတော့ တပ်ရင်းမှူး ၁၀ ယောက်ရှိတဲ့အထဲ ၃ ယောက်လောက်သာ ကျန်တော့ပြီး ကျန် ၇ ယောက်ကတော့ သေဆုံးသူ၊ ဒဏ်ရာရသူ ၊ ထောင်ကျသူ၊ အမှုရင်ဆိုင်နေရတဲ့သူတွေဖြစ်နေသလို ကျန်တဲ့တပ်ရင်းမှူး ၃ ယောက်ကလည်း စိတ်ဓာတ်တွေအလွန်ကျဆင်းနေကြတယ်လို့ အမည်မဖော်လိုသူ ဗိုလ်ကြီးတယောက်က ပြောပါတယ်။

အင်းမအခြေစိုက် ခမရ (၅) တပ်ရင်းမှူးကတော့ တပ်ကနေ ထွက်ခွင့်တောင်းတဲ့အတွက် စုံခုံဖွဲ့စစ်ဆေးခံရကာ ပြီးခဲ့တဲ့လကပဲ ထောင်ကျသွားပြီဖြစ်ပါတယ်။ အုပ်ဖိုအခြေစိုက် ခမရ (၆) တပ်ရင်းမှူးက မိုင်းထိဒဏ်ရာကြောင့် ပေါင်အရင်းကနေဖြတ်လိုက်ရပြီး တပ်ရင်းမှူးရာထူးကို လွန်ခဲ့တဲ့နှစ်လလောက်က စွန့်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

ရွှေတောင်အခြေစိုက် ခလရ (၁၄) တပ်ရင်းက တပ်ရင်းမှူးကလည်း ကယားပြည်နယ်တိုက်ပွဲအတွင်း ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့လို့ မင်္ဂလာဒုံစစ်ဆေးရုံမှာတက်ရောက် ဆေးကုသခံယူနေရတာ တစ်လကျော်ကြာပြီဖြစ်ပြီး အခုချိန်အထိ ဆေးရုံကမဆင်းရသေးပါဘူး။

သူကလည်း ဒဏ်ရာကြောင့် စစ်တပ်ကထွက်ခွာရတော့မှာ ဖြစ်လို့ အရပ်ဘက်ဌာနဆိုင်ရာ အပြောင်းအရွှေ့အတွက် ကြိုးစားနေပြီဖြစ်ပါတယ်။ 

ခလရ ၁၄ တပ်ရင်းဟာဆိုရင် CDM ပြုလုပ်သူ၊ သေဆုံးဒဏ်ရာရထွက်ပြေးတွေကြောင့် လူမစုံတော့တဲ့အတွက် လူအယောက် ၃၀ လောက်နဲ့သာ တိုက်ပွဲဝင်နေရပါတော့တယ်လို့လည်း သိရပါတယ်။

မင်းလှအခြေစိုက် ခလရ (၁) တပ်ရင်းမှူး ဗိုလ်မှူးကြီးကျော်ဇေယျဟာလည်း တိုက်ပွဲအတွင်းသေဆုံးသွားပြီဖြစ်ပါတယ်။

တပ်မ ၆၆ လက်အောက်က တပ်ရင်းမှူးတွေအပြင်  တခြားအဆင့်စစ်သည်တွေဟာလည်း တပ်ကနေထွက်ပြေးတာ၊ CDM ပြုလုပ်တာ၊ သေဆုံးဒဏ်ရာရတာတွေ များနေတာကြောင့် အင်အားအလွန်လျော့နည်းလာနေပြီး စစ်သားသစ်စုဆောင်းလို့မရ တပ်ထဲဝင်ရောက်သူမရှိလို့ အခုအတိုင်းသာဆက်လက်သွားနေရရင် ရေရှည်မှာ တပ်ပျက်သွားနိုင်ကြောင်း တပ်တွင်းသတင်းတွေအရ သိရပါတယ်။

တပ်ရင်းတွေမှာ နေထိုင်ကြတဲ့ နောက်ချန်စစ်သားတွေနဲ့ မိသားစုတွေကို စစ်ဆေးတာ၊ လက်နက်တိုက်တွေမှာရှိတဲ့ လက်နက်ခဲယမ်းတွေ ပျောက်ဆုံးမှု ရှိ၊ မရှိ စစ်ဆေးတာ၊ CDM စစ်သားအရေအတွက် စာရင်းကောက်ယူတာ၊ တပ်ပြေးစာရင်းကောက်ယူတာ၊ ထိခိုက်ကျဆုံးစာရင်းကောက်ယူတာ၊ တပ်တွင်းသတင်းပေါက်ကြားမှုမရှိအောင် စစ်သားနဲ့ စစ်သားမိသားစုတွေကို ဖိအားပေးတာတွေကို စစ်ကောင်စီက လူအယောက် ၃၀ ပါတဲ့ စစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတစ်ခုချင်းဆီကို လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။

တပ်မ ၆၆ လက်အောက်ခံတပ်တွေ အပြင် တခြားတပ်တွေမှာလည်း တပ်ရင်းမှူးတွေ ထိခိုက်သေဆုံးတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။ 

စစ်ကောင်စီတပ်သားတွေ အကျအဆုံးအထိအခိုက် သတင်းတွေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာလေ့မရှိဘဲ ဖုံးကွယ်ထားပေမဲ့ လျှို့ဝှက်ထားလို့ရတဲ့အရာမဟုတ်ကြောင်း စစ်သားတိုင်းမှာ မိသားစုဆွေမျိုးအသိုက်အဝန်းတွေရှိကြတဲ့အတွက် ထိခိုက်ကျဆုံးမှုတွေကို တဆင့်စကား တဆင့်နားနဲ့ကြားသိနေကြတယ်လို့ တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အဲလိုအထိအခိုက်အကျအဆုံးသတင်းတွေ မပျံ့နှံ့အောင် လူတိုင်းကို လိုက်ပိတ်လို့ ရတဲ့အရာမဟုတ်ဘူးလို့လည်း  တပ်မိသားစုဝင်တွေက ပြောကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့  စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေလည်း သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း ပဲခူတိုင်း ဥသျှစ်ပင် အခြေစိုက် အမှတ်(၆၀၁)ဒုံးတပ်ရင်းက စစ်ကောင်စီတပ်သား နှစ်ယောက်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ဆိုပြီး CDM ပြုလုပ်ကာ မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ CAF-SPU PDF ကနေ သိရပါတယ်။

စစ်ကောင်စီကို စွန့်ခွာပြီး ဘက်ပြောင်းလာတဲ့ တပ်ဖွဲ့ဝင်တွေကို  သြစတြေးလျနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး ဗီဇာထုတ်ပေးပြီး ခိုလှုံခွင့်ပေးထားတယ်လို့ သြစတြေးလျနိုင်ငံထုတ် THE AGE သတင်းစာမှာ မတ်လ ၁၈ ရက်က ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013