DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၂ ဦး CDM ပြုလုပ်ပြီး ဆိပ်ဖြူ PDF နှင့် လာရောက်ပူးပေါင်း
DVB
·
July 3, 2022
စစ်ကောင်စီတပ်သား ၂ ဦး CDM ပြုလုပ်ပြီး ဆိပ်ဖြူ PDF နှင့် လာရောက်ပူးပေါင်း
Donate to DVB

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်သား ၂ ယောက် CDM ပြုလုပ်ပြီး ဆိပ်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ CAF-SPU PDF က ပြောပါတယ်။

ပဲခူတိုင်း ဥသျှစ်ပင် အခြေစိုက် အမှတ် ၆၀၁ ဒုံးတပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာကြောင့် ဒီနေ့ ဇူလိုင် ၃ ရက်နေ့မှာ ပြည်သူရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာတာလို့ CAF-SPU PDF ရဲ့တပ်ခွဲမှူး ကိုခနောင်းက ဒီဗွီဘီကိုပြောပါတယ်။

အမှတ် ၆၀၁ ဒုံးတပ်ရင်းက ကိုယ်ပိုင်အမှတ်-၅၆၅၂၀၂ တပ်သားဝင်းထိန်နဲ့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ တပ်သား တယောက်ဟာ အရင်ကတည်းက CDM ပြုလုပ်ဖို့ တိုင်ပင်ထားကြပြီး အခက်ခဲအမျိုးမျိုးကြောင့် ဇွန် ၂၇ ရက်နေ့လောက်မှ ထွက်လာကြတာလို့ ဆိုပါတယ်။

“လက်နက်ခဲယမ်းတွေတော့ ပါမလာကြဘူးဗျ။ သူတို့ကို လွတ်မြောက်နယ်မြေ ပို့ပေးရမလားမေးတော့ CAF-SPUPDF နဲ့ လက်တွဲပြီး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ထုတ်သွားမယ်လို့ ဖြေကြားလို့ လတ်တလောမှာတော့ စခန်းမှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက် စောင့်ကြည့်ထားပြီး အဖွဲ့အစည်းတွေတိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်မယ်။ သူတို့ကို စစ်ဆေးကြည့်တော့တပ်ရင်းမှူးက မှန်မှန်ကန်ကန်မအုပ်ချုပ်လို့ စိတ်ကျဥ်းကျပ်သလို တခြား အခက်ခဲတွေလည်းရှိတယ်။ သူတို့ကို တနှစ်ကို ၂ ကြိမ် ခွင့်ရက်ပေးတာကလည်း စာရွက်ပေါ်မှာပဲရှိတယ်။ တပ်တွင်းမှာ အချုပ်ကျနေသလို ခံစားနေရပြီး တပ်အပြင်တွေကိုလည်း မထွက်ရဲကြဘူး ပြန်ဖြေတယ်” လို့ တပ်ခွဲမှူးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြင်ပမှာရှိတဲ့ သူငယ်ချင်း အပေါင်းသင်းတွေနဲ့လည်း ထွက်မတွေ့ရဲကြဘဲ တပ်ပြင်ထွက်လိုက်တာနဲ့ ရှေ့တန်းစစ်မြေပြင်ကို ရောက်နေတာထက် ကြောက်ရွံ့မှုတွေဖြစ်ပေါ်ကြပြီး တပ်တွင်းမှာ တပ်ပျက်နေကြပြီလို့ ကိုခနောင်းကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013