DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် CDM ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ
DVB
·
June 30, 2022
ကလေးမြို့တွင် CDM ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ ၅ မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမတဦးကို စစ်ကောင်စီတပ်သားတွေက ဇွန် ၂၈ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ “May San” အကောင့်ကနေ “များများသေလေ ကျည်ဖိုးသက်သာလေပဲ” ဆိုပြီး Comment ရေးသားထားတာကြောင့် အကောင့်ပိုင်ရှင် ကျိမ်ချမ်းဟုန်(ခ)စန်းစန်း (CDM ကျောင်းဆရာမ) အား ဖမ်းဆီးထိန်းသိမ်း အရေးယူခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာကနေ ထုတ်ပြန်ပါတယ်။

အဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာမကို စစ်ကောင်စီတပ်သားတွေက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားပြီး အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆရာမနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကလေးမြို့ခံတဦးက “သူတို့တွေက ဖေ့စ်ဘွတ်မှာ စောင့်ကြည့်နေကြတာ။ အခုချိန်မှာ ကိုယ့်အကောင့်ကို လော့ချထားတာ အကောင်းဆုံးနဲ့ အလုံခြုံဆုံးပဲ။ ဖေ့စ်ဘွတ်သုံးနေတဲ့သူတွေအနေနဲ့ မရေးကြတာ အကောင်းဆုံးပဲ။ အဖမ်းခံရရင် မလွယ်ဘူး။ သူတို့လက်ထဲရောက်ရင် သူတို့သဘောဖြစ်သွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံတွေကိုလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ လတ်တလော ထိုးစစ်ဆင်နေပြီး ကျေးရွာနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က‌ အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013