DVB Logo
Home
မြန်မာသတင်း
ဥကရစ်ထစခန်းတိုက်ပွဲ ပြင်းထန်ဆက်ဖြစ်နေပြီး နှစ်ဖက်တပ်များ ကျဆုံးဒဏ်ရာရ၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ကူ
DVB
·
June 27, 2022
ဥကရစ်ထစခန်းတိုက်ပွဲ ပြင်းထန်ဆက်ဖြစ်နေပြီး နှစ်ဖက်တပ်များ ကျဆုံးဒဏ်ရာရ၊  စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ကူ
1 / 17
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊  ဝေါလေမြိုင်မြို့နယ်ခွဲအတွင်းရှိ  စစ်ကောင်စီရဲ့ ဥကရစ်ထ တပ်စခန်းမှာ တိုက်ပွဲပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီး ဇွန် ၂၇ ရက် ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီလေတပ်က လေယာဉ်တွေနဲ့ ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဥကရစ်ထစခန်းမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNDO အထူးကွန်မန်ဒိုတပ်ရင်း VENOM စစ်ကြောင်း၊ KNDO ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ MPA ကင်းထောက်လေယာဉ်၊ YAK-130 Jet လေယာဉ် ၂ စီးနဲ့ ၁၀ ကြိမ်နီးပါးလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ VENOM သတင်းရင်းမြစ်က ပြောပါတယ်။

“လေကြောင်းကနေ ၄ နာရီခွဲလောက်က MPA ကင်းထောက်လေယာဉ်၊ YAK-130 Jet လေယာဉ် ၂ စီးနဲ့ ၁၀ ကြိမ်လောက်ပစ်ပြီး ပြန်သွားတယ်။ KNDO ဘက်က ထိခိုက်မှုမရှိဘူး။”

စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ မြန်မာ-ထိုင်းနယ်စပ် ကိုက် ၅၀၀ ဝန်းကျင်လောက်အထိ ကျည်တွေ ကျရောက်ပေါက်ကွဲပြီး ပြောင်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုပ်စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း စစ်ကြောင်းမှူး စောဝင်းမြင့် ဦးဆောင်တဲ့  VENOM စစ်ကြောင်းက ဇွန်လ ၂၅ ရက် ညကတည်းက စတင်ပြီး ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဘက်ရဲဘော်တွေ ကျဆုံးမှုတွေလည်း ရှိနေပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အယောက်  ၂၀ လောက်သေဆုံးပြီး အယောက်  ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိရာ စစ်ကောင်စီက သေဆုံးစစ်သည်တွေရဲ့ အလောင်းတွေကို ပြန်လည်ကောက်ယူခြင်းမရှိဘူးလို့ ရှေ့တန်း တိုက်ပွဲဆင်နွဲနေတဲ့ KNDO ရဲဘော် တယောက်က ပြောပါတယ်။

တိုက်ပွဲမှာ ကရင်ပူးပေါင်းတပ်တွေဘက်ကလည်း   ၃ ဦးသေဆုံးပြီး အယောက် ၂၀ လောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ရင်ဘတ်ကျည်ထိမှန် ကျဆုံးခဲ့တဲ့ CDM ဒုတပ်ကြပ် ဝေလင်းအောင်(ခ) ဇော်ဝင်းထွဋ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့သူရဲကောင်းဆု ချီးမြှင့်ခဲ့ပါတယ်။

၃ ရက်မြောက်နေ့တိုက်ပွဲဖြစ်တဲ့ ဒီနေ့  ဇွန်လ ၂၇ ရက်မှာတော့ ထမင်းစားချိန်တောင် မရှိဘဲ နှစ်ဖက် အပြင်းအထန် ဆက်လက် ပစ်ခတ်ကြပြီး စစ်ကောင်စီရဲ့ ဝေါလေစစ်ဗျူဟာကုန်းဘက်ကနေလည်း လက်နက်ကြီးပစ်ကူပေး အဆက်မပြတ်ပစ်ခတ်ပေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းဟာ  မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိလမ်းပိုင်းလမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး  စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ကေအန်ယူသတင်းရင်းမြစ်ထံက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မေ ၁၈ ရက်က သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းကို KNLA ၊ KNDO၊ PDF  ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာနဲ့ စစ်သုံ့ပန်း ၆ ဦး ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီဘက်က သေဆုံးသူအများအပြားရှိပြီး သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားသူတွေရှိခဲ့ပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၆ နယ် မြေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို KNLA ၊ KNDO၊ PDF  ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေရာမှာ  သေ့ဘောဘိုး စခန်းအပါအဝင် စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013