
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ ဇွန် ၂၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို အရှိန်ပြင်းမောင်းနှင်းလာတဲ့ ကား လေးစီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှု မြေပြင် အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားနှစ်စီး ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူလာတဲ့အတွက် KNLA ပူးပေါင်းအဖွဲ့ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။